ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Monday, March 26, 2012

ငြိမ်းချမ်းရေးနှင့်အတွင်းရန်

ရဲရဲတွေး


စော။ မန်းရေ၊ ပြောမယ်ပြောမယ်နဲ့ မပြောဘဲနေခဲ့တာ ခုတော့မနေနိုင်တော့လို့ပြောပါရစေဗျာ။

မန်း။ ပြောစရာရှိပြောပါစောရယ်။ ခင်ဗျားနဲ့ကျုပ်ကြားစကားပုလ္လင်ခံမနေပါနဲ့။

စော။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီးဦးအောင်မင်းလေဗျာ၊တိုင်းရင်းသားတွေလက်နက်ကိုင်ချင်စိတ်မပေါက်အောင်ဖွံ့ဖြိုးရေးလုပ်ပေးရမယ်။ ချမ်းသာရင်သူ့တို့လက်နက်စွန့်သွားလိမ့်မယ် ဆိုပါလား။ စော်ကားလိုက်တာဗျာ။

မန်း။ စောကလဲဗျာ၊ ထုံးစံအတိုင်း ဒေါသကြီးဘဲ။ သူပြောတာလဲဟုတ်တော့ဟုတ်သားဗျ။


စော။ ဟေ့ မန်း၊ ခင်ဗျားဘာဖြစ်သွားတာလဲ။ ကျုပ်တို့က ဆင်းရဲလို့၊ လူမှုတော်လှန်ရေးလုပ်နေတာမဟုတ်သလို မှတ်ပုံတင်မရှိလို့နိုင်ငံသားဖြစ်ရေးတောင်းဆိုတိုက်ပွဲဝင်နေတာမဟုတ်ဘူးလေ။ ဆုံးရှုံးနစ်နာနေတဲ့အမျိုးသားအခွင့်အရေးအတွက်တော်လှန်တိုက်ပွဲဝင်နေတာဗျ။

မန်း။ ဟုတ်ပါတယ်စောရယ်။ ဒါပေမဲ့တော်လှန်ရေးမှာ အမျိုးသားရေးထက်ကိုယ်ပိုင်အတ္တအကျိုးကိုလုပ်နေသူတွေ၊ ရာထူးနဲ့လုပ်ပိုင်ခွင့်အတွက် ဒီမိုကရေစီသဘောတရားကိုပစ်ပယ်ထားသူတွေ၊ ကိုယ့်အဖွဲ့အစည်းရဲ့ စည်းကမ်းဆုံးဖြတ်ချက်ထက် ရန်သူပေးမယ့်အခွင့်အရေးကိုမက်မောမျှော်ကိုးသူတွေ၊ ရန်သူသဘောကျ နှစ်ဖက်လှကချင်နေတဲ့ ဖိုးဖြစ်ချင် အပေါစားခေါင်းဆောင်ကြီးတွေ တချို့ရှိနေတာ စောလဲသိသားနဲ့ဗျာ။ အဲသလိုလူတွေအတွက်တော့သူပြောတာမှန်တယ်လေ။

စော။ မန်းပြောတာလဲဟုတ်ပါတယ်။ ဒါဆို ဦးအောင်မင်းတို့က ကျုပ်တို့တော်လှန်ရေးထဲက အဲလိုလူတွေကိုသိနှင့်ထားလို့ ကျုပ်တို့ကိုသတိပေးနေတယ်လို့တောင် အကောင်းမြင်ရမလိုဖြစ်နေပြီ။

မန်း။ ဟုတ်တယ်စော၊ အရေးမကြီးတာက အဲသလိုအရေခြုံပုဂ္ဂိုလ်မျိုးတွေ ကျုပ်တို့အမျိုးသားတော်လှန်ရေးမှာတင်မဟုတ်ပါဘူး၊ တော်လှန်ရေးတိုင်းမှာရှိတတ်ကြတယ်လေ။ အရေးကြီးတာကအဲသလိုပုဂ္ဂိုလ်မျိုးတွေ ကျုပ်တို့တော်လှန်ရေးကြီးကို သူတို့မက်မောတဲ့ငွေကြေး၊ အခွင့်အရေး၊ ရာထူးကြီးတွေနဲ့ လဲစားအမြတ်ထုတ်မသွားခင် တော်လှန်သတိရှိရှိနဲ့ ဖော်ထုတ်ရှောင်ရှားကြဖို့ဘဲ။

စော။ မှန်ပါ့ဗျာ၊ အပြင်ရန်သူက ရန်သူဖြစ်နေတော့ မြင်သာထင်သာရှိပြီးရင်ဆိုင်ဖြေရှင်းရတာကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုအတွင်းရန်က မြင်သာထင်သာမရှိတဲ့အပြင် မကိုင်တတ်ရင်ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းလို့မျက်ဖြူဆိုက်ကိန်းရောက်နိုင်တယ်မန်းရဲ့။

မန်း။ သေချာတာပေါ့စောရယ်၊ နိုင်ငံရေးအရနူးညံ့သိမ်းမွေ့ပြီး အကိုင်အတွယ် မကောင်းရင် ရန်သူသာဓုခေါ်လိမ့်မယ်။ အချင်းချင်းစိတ်ဝမ်းကွဲပြီးသူတလူငါတမင်းဖြစ်သွားနိုင်တယ်။ သမိုင်းသာဓကလည်းရှိနေတာမဟုတ်ဘူးလားဗျာ။

စော။ အင်း မလွယ်ပါဘူးမန်းရယ်။ ခင်ဗျားနဲ့ကျုပ်ကဘေးကကြည့်ပြီး ဖြစ်နေတာ၊ ဖြစ်သင့်တာကို ပြောနေတာက လွယ်ပါတယ်။ တကယ်လက်တွေ့ လုပ်နေတဲ့ခေါင်းဆောင်တွေအတွက်တော့ သိပ်လွယ်ကူတဲ့ကိစ္စတာဝန်ကြီးတရပ်တော့ မဟုတ်ဘူးဗျ။ အဲလိုအခက်အခဲတွေကြားထဲက ကျုပ်တို့ခေါင်းဆောင်ကြီးတွေဟာ ကနေ့ထိကိုယ်ကျိုးမဖက် အမျိုးရေးအတွက် ပေးဆက်တိုက်ပွဲဝင်နေဆဲဘဲနော်။

မန်း။ ဟုတ်တယ်စော။ ဒါကြောင့်ကျုပ်က ကျုပ်တို့ခေါင်းဆောင်တွေကို သိပ်ပြီးလေးစားတန်ဘိုးထားတာစောရယ်။

စော။ ကျုပ်လဲတူတူပါဘဲမန်းရယ်၊ အဲသလို ကိုယ်ကျိုးမဖက် အမျိုးသားအတွက် တကယ်ပေးဆပ် တိုက်ပွဲဝင် နေတဲ့ခေါင်းဆောင်တွေကြောင့် ကျုပ်တို့ ကရင့်တော်လှန်ရေးကြီးခိုင်မြဲနေသလို ကရင်ရယ်လို့ လူမျိုးတမျိုးအနေနဲ့ ကနေ့အထိရှင်သန်ရပ်တည်နေနိုင်တာမဟုတ်လား။

မန်း။ သိပ်ဟုတ်တာပေါ့စောရယ်၊ ဒါနဲ့ စကားပြောလို့တော့ကောင်းသားဗျ၊ ဒါပေမဲ့ ကိစ္စလေးရှိလို့ နောက်တခါမှ နောက်အကြောင်းလေးတခုနဲ့ ဆက်ပြောကြတာပေါ့။

စော။ ကောင်းပါပြီဗျာ။ ကျုပ်ကမလုပ်ရလဲ ပြောရရင်ကျေနပ်နေတော့ ထပ်တွေ့ဦးမယ်လေ။


ရဲရဲတွေး ( ၂၆. ၃. ၂၀၁၂)

No comments: