ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Sunday, August 12, 2012

သူတို့တတွေ လည်စင်းခံကြလေပြီ


တမန်တော် ရွှေဥသြ















ခုတလော KNU နှင့် ကြပ်ပြေးသိန်းစိန်အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တပိုင်းတစဖြစ်ပေါ်လာတဲ့ရလဒ်အပေါ် ပြည်တွင်းပြည်ပ နယ်စအနှံ့ဝေဖန်သံနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။ ထိုဆွေးနွေးပွဲ၏ နောက်ဆုံးရက်မှ ထွက်ပေါ်လာတဲ့ အကြောင်းရပ်တခုကို ကရင်အမျိုးသားတရပ်လုံးနှင့် သက်ဆိုင်သည်ဟုယူဆသဖြင့် တင်ပြလိုက်ရပါသည်။



အစည်းအဝေးကို ဇွန်လဒုတိယအပတ် မြို့တမြို့ပြုလုပ်ကြပါတယ်။ အစည်းအဝေးရှိရာမြို့သို့ သောကြာနေ့ ညနေ (ရ)နာရီမှာကျွန်တော်ရောက်ခဲ့ပါတယ်။ လာရောက်ကြိုဆိုသူ အသက် (၂၀)၀န်းကျင် လူငယ်အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကိုတွေ့ရတော့ ကရင်အမျိုးသားရေးကို ကရင်လူငယ်မောင်မယ်များ ယခုလိုနိုးကြားတက်ကြွစွာ ပါဝင်တာဝန်ယူလာသည် ကိုတွေ့ရ၍ ကျေနပ်ပီတိဖြစ်ရပါသည်။ 

အစည်းအဝေးရဲ့ အဓိကရည်မှန်းချက် ကတော့ KNU သည် ကရင့်တမျိုးသားလုံး၏အရေးကို ကိုယ်စားပြုသော နိုင်ငံရေး ဥသျှောင်အဖွဲ့ကြီး ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများကို မဟာဝါဒီ အုပ်ချုပ်သူတစုက နည်းမျိုးစုံဖြင့် သွေးခွဲ မြှောက်ထိုးပင့်ကော်၊ သပ်လျှိုထိုးခွဲမှုများ တစိုက်မတ်မတ် စနစ်တကျပြုလုပ်နေကြသည်။ သို့ရာတွင် KNU သည် ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး စုရပ်မဏ္ဍိုင်တခုအဖြစ်ရှိနေ၍ ကရင်လူမျိုးတို့သည် နွားကွဲကျားကိုက်၊ ခေါင်းတွဲပျက်သော ရထားအဖြစ်သို့မရောက်ဘဲ  လူမျိုးတမျိုးအဖြစ် ကမ္ဘာ့အလယ်တွင်ယနေ့တိုင် ရပ်တည်နေနိုင်လျက်ရှိပါသည်။ ထိုထက်မက လူမျိုးတမျိုး၏ ဘ၀တန်းတူရေးနှင့်  ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စော်ကားပိတ်ပင်၊ ဖိနှိပ်တိုက်ခိုက်လာသော မဟာအုပ်ချုပ်သူများအား ပြန်လည်တိုက်ခိုက်ကာ (၆၃)နှစ်ကြာ ကရင်-ဗမာ စစ်ပွဲကြီးကို KNU ၏ဦးဆောင်မှုဖြင့် ကရင်တမျိုးသားလုံးက ခုခံတိုက်ခိုက်လျက် အိနြေ္ဒမပျက်၊ ပန်းပန်လျက်ဖြင့်ဆက်လက် ချီတက်နေသည်သာမက အခြားသောတိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် စုပေါင်းကာ အမျိုးသားတော်လှန်ရေးမဟာမိတ်အဖွဲ့ကြီးကို စုပေါင်းတည်ဆောက်ပြီး စစ်မှန်သောတိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ်ပန်းတိုင်သို့ တစိုက်မတ်မတ် ချီတက်လျက်နေပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပမှ ကရင်တမျိုးသားလုံးသည် အမိ KNU ကိုအမျိုးသားမဏ္ဍိုင်အဖြစ်ထားရှိကာ KNU အရေးသည် ကရင်တမျိုးသားလုံး၏အရေးဖြစ်ကြောင်းကို ကရင်လူမျိုးတိုင်း နားလည်သဘောပေါက်ရန်အတွက်ဖြစ်ပါသည်။

အစည်းအဝေးကို စနေနေ့မနက် (၇) နာရီတွင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူကြီးများစုပေါင်း၍ တကြိမ်၊ မနက် (၁၀)နာရီတွင် ကိုယ်စားလှယ်ကြီးများနှင့် သီးသန့်ပုဂ္ဂိုလ်များတကြိမ်၊ မွန်းလွဲ (၂) နာရီတွင် ဒေသခံ၊ နယ်ခံများနှင့်တကြိမ် စုစုပေါင်း သုံးနေရာ၊ သုံးကြိမ်ပြုလုပ်သည်။ နောက်တနေ့ တနင်္ဂနွေနေ့တွင် နောက်ထပ်အစည်းအဝေးသုံးကြိမ်အပြင် အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ သီးသန့်အစည်းအဝေးများလည်း ပြုလုပ်ခဲ့ပြီး ညနေ (၅) နာရီတွင် နှစ်ရက်တာ အစည်းအဝေးကိုအောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။ ညနေ (၆)နာရီတွင်တော့ နောက်ဆုံး ညစာစားပွဲပြုလုပ်ခဲ့ပါသည်။


ကျနော် ညစာစားပွဲခန်းမသို့အ၀င်တွင် လူငယ်အမျိုးသမီးတဦးက ကျနော့်ဆီခပ်သွက်သွက်လျှောက်လာပြီး 


 “ခွင့်ပြုပါဦးလေး၊ ကရင်လူကြီးတဦးက ဦးလေးနဲ့စကားပြောချင်တယ်” ဟုယဉ်ကျေးစွာပြောဆိုရင်း သူ့လက်ထဲမှလက်ကိုင်ဖုန်း ကို ကျနော့်အားပေးလိုက်ပါသည်။

ဖုန်းထဲမှစကားပြောလာသူမှာ ဆေးရုံတခုတွင်တက်ရောက်ဆေးကုသခံနေသော ကရင်လူကြီးတဦးဖြစ်ပြီး မျိုးရိုးစဉ်ဆက်အရရော၊ သူကိုယ်တိုင်ရော တော်လှန်ရေးတွင် အဆက်မပြတ် ပါဝင်တာဝန်ထမ်းဆောင် လာခဲ့သူ ဖြစ်လေသည်။ 

ကျနော်ကသူ့ကို လေးစားစွာ နှုတ်ခွန်းဆက်စကားပြောအပြီးမှာ သူက-

“ကျွန်တော်နေတဲ့မြို့မှာ ခုလိုအစည်းအဝေးလာလုပ်တာ ကျေးဇူးတင်ပါတယ်။ အစည်းအဝေး အေးဆေးအောင်မြင်စွာ ပြီးမြောက်သွားတာကိုသိရလို့လည်း ၀မ်းသာပါတယ်။ ဟိုလူတစုကိစ္စကို ခင်ဗျားတို့ ဘာတွေဆွေးကြသေးလဲ” ဟုဆက်ပြီးမေးပါတယ်။

သူဘာကိုဆိုလိုမှန်းကျွန်တော်မသိသဖြင့် ကျနော်က “ဘယ်လူတစုလဲ” လို့ပြန်မေးပါတယ်။ 

သူက “စောဘဦးကြီးနဲ့ ကရင်ခေါင်းဆောင်ကြီးများက ကရင့်တမျိုးသားလုံးဘ၀လုံခြုံရေးအတွက် တည်ဆောက် ထားပေးခဲ့တဲ့ ကရင့်တော်လှန်ရေးအိမ်ကြီးကိုဖြိုဖျက်ရောင်းစားနေတဲ့ ထူးထူးလေး၊ ဒေးဗစ်ထော၊ မူတူးစေးဖိုး၊ ကွယ်ထူး တို့အုပ်စုလေ။ ဒီလူတွေနဲ့ပတ်သက်ပြီး ဒီအစည်းအဝေးမှာ ဘာတွေပြောဆို ဆွေးနွေးကြသလဲ” တဲ့။

ကျနော်ထမင်းစားခန်းထဲသို့မ၀င်တော့ဘဲ “ဟုတ်ကဲ့၊ ကျေးဇူးပြု၍ ခဏကလေးနော်” ဟုဆိုကာ ခန်းမ၏ရုံးခန်းဘက်သို့ သွား၍ထိုင်ပြီး “ဟုတ်ကဲ့၊ ဆက်ပြောပါ” ဟု ပြောလေသည်။

ဤတွင်သူက စကားကလ္လင်ခံမနေတော့ဘဲ အောက်ပါအတိုင်း ရင်ဖွင့်ပြောလာပါတော့သည်။ 

“ဒီလူစုဟာ KNU ရဲ့ရာထူးနဲ့ အမည်ကိုအသုံးပြုပြီး ထင်ရာစိုင်းနေကြတယ်။ ကရင်တမျိုးသားလုံးရဲ့ မိခင်မဏ္ဍိုင်ဖြစ်တဲ့ KNU ဗဟိုကချမှတ်ထားတဲ့လမ်းကြောင်းကို သွေဖီပြီး ကြပ်ပြေးအစိုးရနောက် တကောက်ကောက်လိုက်နေတယ်။ သူတို့နည်းဗျူဟာကနေတော့ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး ရန်သူကိုအနီးကပ်ပူးသတ်တဲ့လမ်းစဉ်ပါ။ ငြိမ်းချမ်းရေးဆိုတာ လူကြီးတင်မက လူမမယ်၊ ခလေးအရွယ်ကအစ အားလုံး လိုလားကြတာပါ။ အထူးသဖြင့်နှစ်ပေါင်း (၆၃) နှစ်ကြာ ကရင်-ဗမာ စစ်ပွဲဟာလည်း ကျုပ်တို့သားစဉ်မြေးဆက် ထာဝရငြိမ်းချမ်းရေးရရှိချင်လွန်းလို့ တိုက်နေရတာပါ။ ဒီလူစု သိရမှာက ဦးနုခေတ်မှအစ နေ၀င်းခေတ် စောမောင်ခေတ် ခင်ညွန့်ခေတ် သန်းရွှေခေတ်မှ ယခု ကြပ်ပြေးသိန်းစိန်ခေတ်အထိ အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ငါတို့ကရင်တော်လှန်ရေးနှင့်တကွ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကို ဖြိုဖျက် ထိုးခွဲရန်လှည့်စားခြင်းသာဖြစ်တယ်။ မဟာဝါဒကိုသူတို့လက်ကိုထားသမျှကာလပတ်လုံး ငါတို့တိုင်းရင်းသားအားလုံးက စုပေါင်းညီညာစွာလက်တွဲပြီး အမျိုးသားတော်လှန်ရေး တပ်ပေါင်းစုကြီးနဲ့ ပြောင်ပြောင်တင်းတင်းပြန်လည်စိန်ခေါ်ပြီး စုပေါင်းတိုက်ခိုက်ရန်မှတပါး အခြားဘာမှရွေးစရာလမ်းမလိုဘူး”။ 

သူကခဏနားပြီး 

“ဒီလိုဝါဒလမ်းစဉ်ကိုင်ဆောင်တဲ့လူကို ကိုယ်တို့က အနီးကပ်ပူးသတ်ရမလိုလို၊ အချိုသပ် Non-Violence နည်းသုံးသလိုလိုနဲ့ သိန်းစိန်၊ အောင်မင်းတို့နဲ့ ရောရောထွေးထွေး ဖက်လဲတကင်းလုပ်နေရင်တော့ မဟာဝါဒီတွေရဲ့ ငြိမ်းချမ်းရေးထောက်ချောက်ထဲ ရောက်ကုန်တော့မှာဘဲ။ ပိုပြီးဆိုးတာက ဒီလူတစုကလုပ်နေတာတချို့ကို KNU ဗဟိုကဘာမှမသိဘူး။ ဥပမာ- ငြိမ်းချမ်းရေးကော်မရှင်အမည်ကို အသုံးပြုပြီး ဒေးဗစ်ထောတို့က ဦးအောင်မင်းနဲ့ ထင်ရာတွေပြောကြ၊ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ကြတာတွေ၊ အလားတူဘဲ ဗိုလ်မူတူးစေးဖိုးတို့ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ လုပ်ရပ်တွေ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ၊ KNU ရဲ့အဓိကလုံခြုံရေးနယ်မြေတွေကို ကာကွယ်ထားရမယ့်အပြင် တိကျပြတ်သားတဲ့တပ်နေရာချထားမှုနဲ့ နှစ်ဖက်တပ်ရဲ့အနေအထား၊ တပ်တည်နေရာစည်းမျဉ်းစည်းကမ်းချက်များကို စနစ်တကျအကျေအလည်ဆွေးနွေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အဲဒီကမှတဆင့် စစ်ရေးနိုင်ငံရေးကို အာဏာပိုင်တွေရဲ့သဘောတူညီချက်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ အတည်ပြုလက်မှတ်ရေးထိုးရမည့်အစား   ငြိမ်းချမ်းရေးလေအိုး အောင်မင်းက        “ KNU တောင်းဆိုတဲ့အချက်တွေကို အားလုံးလက်ခံတယ်။ ဒီ (၁၃) ချက်အပြင်တခြားဟာတွေလည်း ထပ်တောင်းနိုင်ပါတယ်” ဆိုတာနဲ့ ဘာတခုမှမဆွေးနွေးတော့ဘဲ လက်မှတ်ရေးထိုးလိုက်ကြတယ်။ KNU ဗဟိုကော်မတီကိုဘာမှ အသိမပေးဘဲ KNLA တပ်မှုးရာထူးကိုအလွဲသုံးစား လုပ်ပြီး KNLA တပ်ကို  အပစ်အခတ်ရပ်စဲဘို့ မလုပ်အပ်တဲ့အမိန့် ညွှန်ကြားလိုက်တယ်။ ခေတ်အဆက်ဆက်   မှတော်လှန်ရေးခေါင်းဆောင်နှင့် တပ်သားများ၊ ပြည်သူလူထုများက တည်ဆောက်ထားတဲ့ တော်လှန်ရေးနယ်မြေရဲ့ လုံခြုံမှုနေမြေအတွင်း ရန်သူအ၀င်မခံဘို့ တာဝန်ယူကာကွယ်ရမယ့်အစား ဗဟိုကော်မတီဝင်ရဲ့ဆုံးဖြတ်ချက်မပါဘဲ ရန်သူအကြိုက် ဆက်သွယ်ရေးရုံးတွေကို ထပ်မံ၍ တပ်မဟာ (၆) နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ပေးခဲ့ပြန်တယ်”။

“ဆက်သွယ်ရေးရုံးဆိုတာ ဟန်ပြလှည့်ကွက်တခုဘဲဖြစ်တယ်။ ရန်သူတွေ ဖန်တီးမှု၊ ပရိယာယ်ထောင်ချောက်တခုသာဖြစ်တယ်။ ခင်ညွန့်လက်ထက်က ငြိမ်းချမ်းရေးယူခဲ့ကြတဲ့ အဖွဲ့အားလုံးတွေဟာ ဒီဆက်သွယ်ရေးရုံးထောင်ချောက်ကြောင့်ဘဲ အောက်ခြေနဲ့ဗဟို သဘောထားတွေ ကွဲလွဲအောင်ဖန်တီးခံခဲ့ရရုံမက အချင်းချင်းလုပ်ကြံသတ်ဖြတ်ကြသည်အထိ ဗဟိုအာဏာ လျော့ရဲပျက်သုဉ်း သွားအောင် ရန်သူကဖန်တီးနိုင်ခဲ့ကြတယ်။ KNU အုပ်ချုပ်ရေးယန္တယားဟာ စစ်ရေး၊ နိုင်ငံရေး၊ ဌာနဆိုင်ရာ အဆင့်ဆင့်ဖြင့် ကျစ်လစ်ခိုင်မာစွာရှိနေပြီး ရှေ့တန်း၊ အောက်ခြေမှဗဟိုအထိ နာရီပိုင်းအတွင်းအစီရင်ခံချက် တင်ပြခြင်းနှင့် ပြန်လည်ညွန်ကြားချက်များ ချက်ခြင်းလုပ်နိုင်ပါတယ်။ အဲဒါကြောင့် ဘာကြားခံဆက်ဆံရေးရုံးမှ ထားရှိစရာမလိုပါဘူး။ ရန်သူက ရှေ့တန်းဆက်သွယ်ရေးရုံး ထားရှိခြင်းဟာ အောက်ခြေမြို့နယ် ခရိုင်နှင့် တပ်ရင်း တပ်မဟာများကို တရားဝင်ကူးလူးဆက်ဆံပြီး စည်းရုံးဖဲ့ထုတ်ဖို့ဖြစ်တယ်။ KNU ဗဟိုရဲ့အာဏာချိန်ခွင်ကို ထိုးနှက်ဖြိုခွင်းဘို့ဖြစ်တယ်။ ဒါကြောင့် KNLA ဟာ KNU အုပ်ချုပ်ရာ မိမိနယ်မြေအတွင်း လုံခြုံမှုတာဝန်ကိုယူပြီး ရန်သူရဲ့စစ်ရေး နိုင်ငံရေး ဘာတခုမှလာရောက် အခြေချ ခြေရှုပ်မှုမပြုနိုင်အောင် လုပ်ရမယ့်အစား ရန်သူရဲ့အခြေခံစခန်းတွေဖြစ်မယ့် ဆက်သွယ်ရေးရုံးတွေ လိုက်ဖွင့်ပေးနေမယ်ဆိုရင်တော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတာနဲ့အတူတူဘဲ”

အလားတူဘဲ ခရိုင်ဥက္ကဌရာထူးယူထားတဲ့ ကွယ်ထူးတို့က ပင်လယ်ရေနက်ဆိပ်ကမ်းအတွက်လေ့လာရေး (Survey) အတွက်ရယ်လို့ အကြောင်းပြပြီး KNU ဗဟိုကိုဖြစ်ကြောင်းကုန်စင် အစီရင်မခံဘဲ ရန်သူ့လူ Egress တွေ၊ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ကရင့်လယ်မြေတွေဖျက်၊ ကရင်နယ်မြေအတွင်း လမ်းမကြီးတွေဖောက်လို့ ဘိတ်၊ ထားဝယ်ခရိုင်တခုလုံးကို ရန်သူ့လက်ထဲပုံအပ်ရောင်းစားနေတယ်”။

သူကခေတ္တနားပြီးဆက်ပြောသည်မှာ 

“ကျနော်တို့က ဒါတွေကိုမျက်စိမှိတ်ပြီး ရမ်းပြောနေတာမဟုတ်ဘူးနော်၊ နိုင်ငံခြားကုမ္ပဏီတွေဆိုတာ ယခုလို လမ်း၊ တံတားဖောက်တာတွေ မပြောနဲ့၊ သာမန် (Survey) လုပ်တာတောင်မှ နယ်ခံတွေရဲ့ ခွင့်ပြုချက်၊ လုံခြုံရေးအာမခံချက် မရရင် ကန်တော့ပွဲနဲ့ခေါ်တာတောင် သူတို့ကမလာဘူး။ Survey လုပ်တယ်ဆိုတာ ကလည်း လေ့လာသုတေသနပြုတာကလွဲလို့ သစ်တပင်၊ ၀ါးအရုံကိုတောင် ခုတ်ခွင့်ရှိတာမဟုတ်ဘူး။ Survey လုပ်ခွင့်ရပြီဆိုရင်တောင်မှ သုတေသနလုပ်တဲ့ကာလအတွင်း သေနတ်သံ၊ ဗုံးသံတချက်ပေါက်ရင် လုပ်ငန်းကိုချက်ချင်း ပြန်လည်ရုတ်သိမ်းရပါတယ်။ တပ်မဟာ (၅)နယ်မြေ သံလွင်မြစ် ဒါးဂွင်ရေကာတာ စီမံကိန်းကို အကောင်အထည်ဖော်ဘို့ နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ ထိုင်း EGET အဖွဲ့ သဘောတူ လက်မှတ်ထိုးလာတာ နှစ်ပေါင်း (၃၀) ပြည့်တော့မယ်။ ဒါပေမဲ့ နယ်ခံတပ်မဟာနဲ့ ခရိုင်အာဏာပိုင်တွေရော၊ KNU ဌာနချုပ်ကပါ ခွင့်မပြုတဲ့အတွက် ခုထက်ထိ ဘယ်သူကမှလာတို့လို့မရဘူး။ ထိုင်းဝန်ကြီးချုပ် ချတ်ချိုင်းချူန၀မ်လက်ထက်ကစ ၀န်ကြီးချုပ်ဗိုလ်ချုပ် ချဝါလစ်ယောင်ချာယု၊ ၀န်ကြီးချုပ်ချွန်လီပိုင်း၊ တပ်စင်၊ အဖိစစ် နှင့် ယခုလက်ရှိဝန်ကြီးချုပ် ယင်လတ် လက်ထက်အထိ တစိုက်မတ်မတ် ကြိုးစားခဲ့သော်လည်း KNU ဌာနချုပ်ကခွင့်မပြုလို့ အကောင်အထည် မဖော်နိုင်ခဲ့သေးဘူး။ ဒါတောင်မကဘူး၊ EGET နဲ့ ထိုင်းအာဏာပိုင်တွေက ဒီသံလွင်ရေကာတာကြီးဟာ ထိုင်းဘုရင်မင်းမြတ်ဘူမီဘောရဲ့ ရေလှောင်ကန်ကြီးအတွက် အရေးတကြီးလိုအပ်သော ရေရရှိရေးအတွက် အရေးတကြီးအကောင်အထည်ဖော်ဘို့ လိုအပ်တယ်ဆိုပြီး ထိုင်းဘုရင်အရေးစီမံကိန်းဖြစ်သယောင်အထိ နည်းမျိုးစုံနဲ့ ကြိုးစားလာပါသော်လည်း KNU ဌာနချုပ်ရဲ့ခွင့်ပြုချက်ကို မရရှိသဖြင့် ဘာတခုမှမလုပ်နိုင်ဘဲ ယခုအထိကြန့်ကြာနေရတယ်။ ကိုယ့်နယ်မြေ၊ ကိုယ့်ပိုင်နက်ထဲမှာ ကိုယ်ကခွင့်မပြုရင် ဘယ်သူက ဘာမှလာပြီးလုပ်ချင်ရာလုပ်လို့မရဘူးဆိုတာပါ။ အေးဗျာ ကျုပ်လဲရင်ထဲ မွန်းကြပ်လွန်းလို့ ပြောဆိုဆွေးနွေး လိုက်တာပါ။ ခင်ဗျားလဲညစာစားပြီးရင် ခရီးဆက်စရာရှိသေးတယ် တော့ နောက်မှဆက်ပြောကြတာပေါ့”။

ကျနော်ကလည်းပြန်ပြီး-

“ရပါတယ်ဗျာ၊ ခင်ဗျားနေမကောင်းလို့အစည်းအဝေး မတက်ဖြစ်တာ၊ နေကောင်းအောင်ကြိုးစားပါ။ လုပ်စရာတွေကတော့အများသား” လို့ပြန်ပြောလိုက်တယ်”

“ကျနော်ဆေးရုံတက်ရတာ ဒီအကြောင်းတွေအများကြီးပါ ပါတယ်ဗျာ၊ ဒီလူတွေလုပ်နေတာကြည့်ပြီး တခါတလေ အိပ်လို့မရဘူး” ဟုပြောလာသောသူ့အသံကတုန်ယင်လာသည်။

“ခင်ဗျားပြောနေတာတွေအားလုံးဟာ အမှန်တွေချည်းပါဘဲ။ ကျနော်လည်းဒီအတိုင်းဘဲမြင်ပါတယ်။ ကရင်ပြည်သူတွေအားလုံးကလည်း ဒီအတိုင်းဘဲမြင်ကြလို့ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက ကရင်တွေနဲ့ အဖွဲ့အစည်းတွေအားလုံး ဝေဖန်သံပဲ့တင်ညံသွားတာပေါ့၊ ဒါကြောင့်သိပ်လည်းမစိုးရိမ်ပါနဲ့။ ကျန်းမာရေးဂရုစိုက်ပါ” ဟု နှစ်သိမ့်စကားပြောရင်း ကျနော်ကဘဲဆက်လက်ပြီး-

“အခုဖြစ်ပေါ်နေတဲ့နိုင်ငံရေးအမှားတွေ၊ ပြည်သူတွေကိုတွေဝေ စိုးရိမ်စေတဲ့ဒီလုပ်ရပ်တွေဟာ KNU ကြောင့်မဟုတ်ဘဲ အဲဒီလူတစုရဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအမှားတွေကြောင့်ဖြစ်တယ်ဆိုတာ ကရင်ပြည်သူတရပ်လုံးက သိသင့်သိထိုက်ပါတယ်။ KNU အဖွဲ့အစည်းကြီးဟာ (၆၃) နှစ်တာတော်လှန်ရေး အတွေ့အကြုံအရ အပြင်လူ၊ အတွင်းလူတွေရဲ့ရန်အမျိုးမျိုးကို ကြံ့ကြံ့ခံ ဖြေရှင်းရင်ဆိုင်ရင်း ဘ၀တူတိုင်းရင်းသား မဟာမိတ်များနဲ့ တည်ငြိမ်မှန်ကန်စွာ ဆက်ဆံလက်တွဲလို့ ကရင်အမျိုးသားထု တရပ်လုံးရဲ့စစ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ပြီး ပုံမှန်ချီတက်နေလျက်ပါ”

သူကလဲချက်ချင်းပင်

“ကျနော်ပြောနေတာလဲ ဒါပါဘဲလေ။ ဒီအမှားတွေ၊ လုပ်စားဇာတ်လမ်းတွေဟာ KNU လုပ်နေတာမဟုတ်ဘူး ဆိုတာကို ပြည်သူတွေကွဲကွဲပြားပြားသိစေချင်တာပါ။ ဒါကြောင့်လဲ ပြည်သူတွေကိုယ်တိုင် သိမြင်ဝေဖန်နိုင်အောင် ကျနော်က နာမည်တွေနဲ့ထည့်ပြီး ပြောလိုက်တာပါ။”

ဒီထက်ဝမ်းနည်းစရာကောင်းတာက ဒီလူအုပ်စုဟာ စစ်ရေးနိုင်ငံရေးမှာ ဘာမှတိကျပြတ်သားတဲ့ တာဝန်မရှိဘဲနဲ့ ကရင်ပြည်သူ့ကိုယ်စားလှယ်ပုံစံမျိုးနဲ့ အဆံမရှိတဲ့ကြပ်ပြေးသိန်းစိန်အစိုးရ ကိုယ်စားလှယ် အောင်မင်းတို့နဲ့ပေါင်းပြီး နိုင်ငံခြားပျားရည်ဆမ်းခရီးထွက်ကြ၊ သူတို့လုပ်ပိုင်ခွင့်မရှိတဲ့ ကရင့်ဒုက္ခသည်အကြောင်းဆွေးနွေးပြောဆိုကြ၊ ကရင့်အမျိုးသားရေးနဲ့ဘာမှမဆိုင်၊ ဘာမှအရေးမကြီးတဲ့ မှတ်ပုံတင်ကဒ်ပြားအကြောင်းတွေကို ရေးကြီးခွင်ကျယ်ဆွေးနွေးပြောဆိုနေကြပြီး ပြည်တွင်းထဲက ငရမန်ကန်းအုပ်စုနဲ့တပူးတွဲတွဲ သိက္ခာမဲ့စွာလက်တွဲ သွားလာလုပ်ကိုင်နေတဲ့ကိစ္စဘဲ။ 

“တချက်လောက်၊ ခဏကလေး” ဟုကျွန်တော်က သူ့စကားကိုဖြတ်ကာ 
 “ငရန်မကန်းအုပ်စုဆိုတာဘယ်သူတွေလဲ” ဟုမေးရာ-

“ငရန်မကန်းဆိုတာက သမိုင်းထဲကမျက်လုံးတဖက်ကန်းတဲ့ဘုရင်လေ။ ရန်သူကငှက်အော်သံပေးပြီး သူကလှမ်းအကြည့်မှာ လေးနဲ့ပစ်လို့ဘ၀ဆုံးသွားရသူလေ။ ယခုလည်း (၆၃) နှစ်ကြာပြည်တွင်းစစ်ပွဲကြီး အဆုံးသတ်လို့ သားစဉ်မြေးဆက်ထာဝရငြိမ်းချမ်းရေးရရှိဘို့အတွက်လုပ်ရမယ့် လုပ်ငန်းတွေကို လစ်လျူရှုပြီး လျှပ်တပြက်စီးပွားဖြစ်ရေးတခုကိုသာ ကြည့်နေတဲ့ “ဟန်” တို့ အယ်လင်စောဦးတို့အဖွဲ့ကိုပြောနေတာပေါ့။ ဒီလူတွေဟာနိုင်ငံခြားသားတွေနဲ့တွေ့ရင် တိုင်းရင်းသားကိုယ်စားလှယ်ယောင်ယောင်၊ ကရင့်ကိုယ်စားလှယ်ယောင်ယောင် စကားပြောကြပြီး တိုင်းရင်းသားတပ်ပေါင်းစုအကြောင်း၊ KNU အကြောင်းမဟုတ်မမှန်ပြောနေကြတဲ့ကြတာ ခင်ဗျားလဲအသိဘဲ။ သူတို့ကိုအခု ပြည်သူတွေကအော့နှလုံးနာလို့ ဝေဖန်ပြောဆိုသံတွေဟာ တဖြေးဖြေးကျယ်လောင်လာနေပြီလေ”

“နောက်ဆုံးပြောရရင်တော့ ခုတခေါက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားခဲ့ရင် ပြောစရာစကားလုံး (၇) လုံးဘဲလိုတော့တယ်။ ငြိမ်းချမ်းရေး ကို တကယ်ဘဲ “ လုပ်မလား၊ မလုပ်ဘူးလား” ဒါပါဘဲ။ 
 တကယ်လုပ်မယ်ဆိုရင်တော့ ကြပ်ပြေးသိန်းစိန်အစိုးရနဲ့စစ်အရာရှိကြီးတွေရဲ့လက်သုံးစကားဖြစ်တဲ့ “ဥပဒေဘောင်ထဲပြန်လာပြီးလွှတ်တော်မှာဆွေးနွေးကြ” ဆိုတဲ့ ၀မရှိ ၀ိလုပ်တဲ့ မူစနစ်တွေကိုရပ်တန်းကရပ်ပြီး မြန်မာစစ်ရေးနိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ကြီးဖြစ်တဲ့ UNFC တို့ကျေလည်လေးနက်စွာ နိုင်ငံရေး၊ စစ်ရေးအဖြေရှာဆွေးနွေးပါ။ အတွဲမရှိတဲ့ မီးရထားဆရာမောင်အောင်မင်းကိုလွှတ်လွှတ်ပြီး မျက်လှည့်ပြမနေပါနဲ့တော့။ အမျိုးသားသိက္ခာကျတယ်ဗျာ”

သူစကားတွေပြောရင်းအမောဖောက်လာဟန်ရှိလို့ ကျနော့်ကိုနှုတ်ဆက်စကားပြောရင်း ဖုန်းချသွားပါသည်။

ညစာထမင်းစားပွဲသို့ ကျနော်သွား၍ မိတ်ဟောင်းဆွေဟောင်းများ၊ နယ်ခံမိသားစုများနှင့် အတူညစာဝင်စားလိုက်သော်လည်း ထိုနေ့ညနေမှာကျနော်ညစာကောင်းစွာမစားနိုင်တော့ပါ။ အားလုံးနှင့်စကားစမြည်ပြောနေသော်လည်း ကျနော့်အကြားအာရုံထဲမှာတော့ဆေးရုံမှ မိတ်ဆွေကြီး၏ စကားများကိုသာ အထပ်ထပ်ကြားယောင်ရင်း စိတ်မကောင်းစွာ ရင်လေးနေမိတော့တယ်။


ကရင်ပြည်သူတို့ရဲ့ ရင်တွင်းပဲ့တင်သံများကြားမှ
တမန်တော်ရွှေဥသြ



3 comments:

mananmiohnmar said...

thank you verymuch

Anonymous said...

Keep writing your valuable task.Con gratulation for your courage.Keep educating our Karen New generation.A million thanks.

Anonymous said...

Such articles must reach to all Karen people so that Karen people know the situation to prepare for the future and have alert