ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Tuesday, December 18, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း


အပိုင်း (၂)

အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၄) ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မူလ,က လုပ်ကိုင်လျှက်ရှိသောသတ္တုတွင်းဝန်ကြီးဌာန, နှင့်
အိုင်ဗင်ဟိုးကုမ္ပဏီတို့က, ဦးပိုင် နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ကို ရောင်းချခဲ့ပြီးဖြစ်သဖြင့် ယခုဖြစ်နေသောပြဿ
နာမှာ နိုင်ငံတော်နှင့် လက်ပံတောင်းတောင်လူထုအကြားရှိ ပဋိပက္ခမဟုတ်၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီ တို့
က,တဘက် လက်ပံတောင်းတောင်လူထုက,တဘက် ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်သည်ဟူ၍ လမ်း
ကြောင်းလွှဲသည့် ထောက်ပြချက်တရပ်ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ ဤသည်မှာ မှန်ပါသလား။ အထက်ပါ လမ်းကြောင်းလွှဲသည့်ထောက်ပြချက်မှာ အတော်ပင်ပညာသားပါပါသည်။



သာမန်လူထုများအနေဖြင့် မျက်စိလည်သွားနိုင်ပြီး မြေယာနှင့်စပ်လျှဉ်းသည့်လူထုတိုက်ပွဲ၏ ဦးတည်ချက် လွဲချော်သွားနိုင်သည်။ပြဿနာ၏ အဓိက,တရားခံအဖြစ် ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီကို ပထမအဆင့်လက်
ညှိုးထိုးပြမည်။ ဒုတိယအဆင့်အနေဖြင့် ဦးပိုင်က,၀မ်ပေါင်ကုမ္ပဏီကို လက်တွေ့လုပ်ငန်း၌ တဆင့်လက်ပြောင်းပေးပြီးဖြစ်သောကြောင့် ပြဿနာမှာ ၀မ်ပေါင်ကုမ္ပဏီနှင့်လက်ပံတောင်းတောင် လူထုအကြားရှိ ပဋိပက္ခ သာဖြစ်ကြောင်းဖြင့် တင်သွင်းလာဘွယ်ရှိသည်။

စာရေးသူအနေဖြင့်မူ အဆိုပါထောက်ပြချက်ကို လုံးဝ,ပင်လက်မခံပါ။ အဘယ်ကြောင့်ပါနည်း။
ဤမျှအရေးကြီးလှပြီး တပြည်လုံးကိုရိုက်ခတ်လျှက်ရှိသော မြေယာပြဿနာကြီးနှင့်စပ်လျှဉ်း၍ ပထမ အ
ချက်အနေဖြင့် နိုင်ငံတော်၏တာဝန်ရှိမှုကို ဖုံးကွယ်ထားသောကြောင့်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် အဓိက,တရားခံမှာ ၀မ်ပေါင်ကုမ္ပဏီ ဟူ၍ စွပ်စွဲခံရပါက,တရုတ်ဆန့်ကျင်ရေး ဖြစ်
သွားပြီး ၁၉၆၇ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့်စစ်အစိုးရက,ဖေါ်ခဲ့သကဲ့သို့ တရုတ်ဗမာလူမျိုးရေး ပဋိပက္ခလမ်းကြောင်းကို ပြန်ရောက်သွားနိုင်သည်။
အကျိုးဆက်အနေဖြင့် စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်နေပါမည်။
ဤတကြိမ်တွင်မူ လူထုအနေနှင့် လူမျိုးရေးပဋိပက္ခများကို သတိကြီးကြီးဖြင့်ရှောင်ရှားသင့်သည်။

စစ်အာဏာရှင်စနစ်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံကို လေ့
လာသင့်သည်။ စစ်အာဏာရှင်သမ္မတ ဆူဟာတိုအုပ်ချုပ်ခဲ့သည့်ကာလ,များအတွင်း နိုင်ငံတော်ပိုင်ကုမ္ပဏီ
များ State-owned companies တို့ကိုတည်ထောင်၍ စစ်ခေါင်းဆောင်များ၊၎င်းတို့ဆွေမျိုးသားချင်းများနှင့် ခရိုနီဟုခေါ်သည့် ၎င်းတို့၏ရောင်းရင်းစီးပွားရေးသမားကြီးများ အကျိုးအမြတ်များစွာရယူခဲ့ကြသည်။
စီးပွားဖြစ်ခဲ့ကြသည်။ နိုင်ငံပိုင်ကုမ္ပဏီများဟူ၍ အမည်တပ်ထားသဖြင့် ပြဿနာပေါ်ပေါက်လာလျှင် နိုင်ငံအ
နေဖြင့် တာဝန်ယူရှင်းရသည်။

ယခုမူ အစိုးရ၏သတ္တုတွင်းဝန်ကြီးဌာနက,ဦးပိုင်သို့လွှဲပြောင်းပြီးဖြစ်သဖြင့် နိုင်ငံတော်နှင့်မဆိုင်ဟူ၍ရှောင်
လွှဲသည့်လမ်းကြောင်းကို တင်လာပါပြီ။
သို့ဖြစ်လျှင် ဦးပိုင်သည်မည်သည့်ကုမ္ပဏီဖြစ်သနည်း။
ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် စစ်ခေါင်းဆောင်များပိုင် ကုမ္ပဏီဖြစ်မှန်းတနိုင်ငံလုံးသိ ဖြစ်သည်။ သို့ဖြစ်လျှင် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ခေါင်းဆောင်များသည် တိုင်းပြည်ကို လည်ပတ်လျှက်ရှိသော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သည့်အခန်းကဏ္ဍတွင်မျှ မပါဘူးလား။
ထိုသို့ဖြစ်ပါက ဦးပိုင်လုပ်သမျှသည် နိုင်ငံတော်နှင့်မဆိုင်ဟူသောအဆိုကို လက်ခံရပါမည်။
သို့ရာတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကို ပြန်ကြည့်ပါ။ ပြောင်းပြန်ဖြစ်နေကြောင်း တွေ့ရပါမည်။
နိုင်ငံတော်ဟူသည်ကို အသွင်သဏ္ဍာန်အရ ဦးသိန်းစိန်ခေါင်းဆောင်သည့်အစိုးရက, ကိုယ်စားပြုအုပ်ချုပ်နေ
သည်။
အနှစ်သာရအားဖြင့်မူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ခေါင်း
ဆောင်သစ်များက,လည်ပတ်နေခြင်း ဖြစ်သည်။
ဤသည်ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အုပ်ချုပ်ရေးကဏ္ဍတွင်ပြဌာန်းထားသော အမျိုးသား ကာကွယ်
ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)၏ တည်ရှိမှုကို အဓိက,ကြည့်ခြင်းဖြင့် ထင်ရှားသည်။
ကာလုံတွင် ဦးသိန်းစိန်ကဲ့သို့ စစ်ခေါင်းဆောင်ဟောင်းမဆိုထားနှင့် အရပ်သားစစ်စစ်ပုဂ္ဂိုလ်တဦး သမ္မတ
အဖြစ်ပါဝင်စေဦး၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် အခြားလက်ရှိစစ်ခေါင်းဆောင်များ၏ဆန္ဒနှင့် ဆန့်ကျင်၍မရ
ပါ။
အဘယ်ကြောင့်ဆိုသော် ကာလုံအဖွဲ့ဝင်၁၁ ဦးရှိသည့်အနက် အများစုဖြစ်သော (၆) ဦးမှာ လက်ရှိစစ်ခေါင်း
ဆောင်များ ဖြစ်နေသောကြောင့်ပင်။
လက်တွေ့အရ,နိုင်ငံတော်ဟူသည်မှာ စစ်ခေါင်းဆောင်များအုပ်စီးထားသည့် ကာလုံဖြစ်နေသည်။

သို့ဖြစ်၍ စစ်တပ်စီးပွားရေးအတွက်တည်ထောင်ထားသည့် ဦးပိုင်သည် နိုင်ငံတော်နှင့် ရာနုန်းပြည့်သက်
ဆိုင်သည်။ လက်ပံတောင်းတောင်အရေးမှာ အတိအကျအားဖြင့်ဆိုလျှင် နိုင်ငံတော်(ကာလုံ)နှင့် ဒေသခံ
လူထုအကြားတွင် ဖြစ်ပွားသော အဓိက,ပဋိပက္ခဖြစ်သည်။ သာဓကယတခုကိုကြည့်ပါ။ သံဃာတော်များကို မီးလောင်တိုက်သွင်း၍ ဖြိုခွင်းရာ၌ လက်တွေ့မြေပြင်တွင်ဦးဆောင်ခဲ့သူမှာ စစ်ကိုင်းတိုင်းရဲမင်းကြီး ဦးစန်းယု
ဖြစ်သည်။
၎င်းကိုယ်တိုင် သံဃာတော်များအား ၀န်ချတောင်းပန်ပွဲကျင်းပ,ခဲ့စဉ်က သတင်းထောက်များ၏ မေးခွန်းများ
ကို တစ်လုံးမျှဖြေကြားမသွားခဲ့ကြောင်းနှင့် ၎င်းမှာ စစ်တပ်မှဒုတိယ,ဗိုလ်မှုးကြီးဟောင်း တဦးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ နိုင်ငံတော်(ကာလုံ)က,ထိုပုဂ္ဂိုလ်အားတိုက်ရိုက်အမိန့်ပေး၍ ဖြိုခွဲခိုင်းသည်ဟူသော စွပ်စွဲချက်များ
ကို ငြင်းရန်မလွယ်ပါ။
စုံစမ်းရေးကော်မရှင်သည် ယင်းနှင့်စပ်လျှဉ်း၍ အမှန်တရားကိုဖေါ်ထုတ်ရန် တာဝန်ရှိပေသည်။

လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များအား မီးလောင်တိုက်သွင်း၍ ဖြိုခွဲခဲ့သည့် နေ့ရက်အထိ တည်ရှိနေခဲ့သည့် နိုင်ငံတော်နှင့်လူထုအနေအထားကို ကြည့်ကြပါစို့။
နိုင်ငံတော်ဟူသည်တွင် အခွင့်အာဏာသာမက,စစ်တပ်၊ ရဲ၊ လုံထိန်း၊ ထောက်လှန်းရေးတပ်ဖွဲ့များ၊ တရားစီ
ရင်ရေး ယန္တယားကြီးတခုလုံးနှင့် ငွေကြေးပါ အပြည့်အစုံရှိနေသည်။ နိုင်ငံတော်ဟူသည်မှာ အလွန်အမင်း အင်အားတောင့်တင်းနေသည်။ လူထုတွင် လက်နက်မရှိ၊ ငွေကြေး မရှိ၊ အားကိုးရမည့် အဖွဲ့အစည်းတောင့်
တောင့်တင်းတင်း မရှိရုံသာမက,ကိုင်စွဲတိုက်ပွဲဝင်နိုင်သည့်အခွင့်အရေး (Rights)ပါ မရှိဖြစ်နေသည်။ သို့ဖြစ်၍ လူထုမှာ မြင်မကောင်းလောက်အောင်ပင် အားအင်ချိနဲ့လျှက်ရှိနေသည်။

ပုံနှိုင်းရမည်ဆိုလျှင် နိုင်ငံတော်က,ကျားကြီး၊ လူထုက,ယုံကလေးဖြစ်ပြီး ကျားကြီးက,၎င်း၏သန်မာသော လက်ကြီးနှင့် ယုံကလေးကိုဖိထားသည်။
ဒေါ်အောင်ဆန်းစုကြည်က,ပြဿနာများကို ညှိနိုင်းဖြေရှင်းရန်တိုက်တွန်းသည်။
ဤသည်ကို ယေဘုယျအားဖြင့် လက်ခံရပါမည်။
သို့ရာတွင် ကျားကြီးက,ယုံကလေးကို လက်နှင့်ဖိထားသောအခြေအနေ၌ ညှိနိုင်းဖြေရှင်းမှုတိုင်းတွင် မည်
သည့်ဘက်က,အလေးသာပါမည်နည်း။
ကျားကြီးဖြစ်ကြောင်း အငြင်းပွားမည်မဟုတ်ပါ။
ယင်းမှာ ကျားကြီးနှင့် ယုံကလေးအကြား၌ ညီမျှခြေ ကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ညီမျှခြေရှိလာစေရန် လူထုကိုဆင်ကြီးဖြစ်လာအောင် ဖန်တည်းဘို့လိုပါမည်။
လူထုကို အင်အားတောင့်တင်းစေခြင်းဖြင့် အစိုးရ၏အာဏာကို ထိမ်းညှိနိုင်သည့်အနေအထား ဖန်တည်း
ခြင်းမှာ ဒီမိုကရေစီနိုင်ငံများတွင် လုပ်ရိုးလုပ်စဉ်ပင်။
ဤသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှလည်း တင်ပြပါမည်။

ပြစ်မှုတခုဖြစ်ပွားသည့်အခါတိုင်း တရားလိုနှင့်တရားခံ ဘက်နှစ်ဘက်ရှိသည်။
ပြစ်မှုကျူးလွန်ခံရသူမှာ တရားလိုဖြစ်၍ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူမှာ တရားခံဖြစ်သည်။ ဤနှစ်ဘက်လုံးကို ညီမျှခြေရှိလာအောင် ဖန်တည်းပေးမှသာ ဥပဒေစိုးမိုးရေးသည် လက်တွေ့ အသက်ဝင်
လာပါမည်။

အစိုးရစစ်တပ်မှစစ်ဗိုလ်ကြီးတဦးက,တိုင်းရင်းသူမ,လေးတဦးအား မုဒိန်းကျင့်ကြောင်းစွပ်စွဲခံရသည့်အမှု ဆို
ကြပါစို့။

ဥပဒေစိုးမိုးရေးဟူသည်မှာ လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သောကြောင့် မကြေနပ်သည့်တိုင်း
ရင်းသူမ,လေးသည် ရဲစခန်းသို့သွားရောက်တိုင်တန်းပြီး စစ်ဗိုလ်ကြီးအား တရားရုံးတွင် အမှုစွဲဆိုနိုင်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ဤအတိုင်းပင်ကျင့်သုံးလျှက်ရှိသည်။
ဤသည်ကို ဥပဒေစိုးမိုးရေးဟု ခေါ်နေကြသည်။ ဤသည်မှာ ပြည့်စုံပါပြီလား။ ဆန်းစစ်ကြည့်ကြပါစို့။

ဥပဒေစိုးမိုးရေး၏ အဓိပ္ပါယ်၊ အနှစ်သာရ,နှင့်လက်တွေ့ကျင့်သုံးပုံကို တစုံတရာနက်နဲစွာလေ့လာမည်ဆိုပါ
က,အခွင့်အရေးအရ,တန်းတူရေးသာမက,အခွင့်အလန်းအရ,တန်းတူရေးကိုဖန်တည်းထားဘို့လိုကြောင်း
တွေ့ရပါမည်။ အခွင့်အရေးအရ,တန်းတူရေးရှိသော်လည်း အခွင့်အလန်းအရ,တန်းတူရေးမရှိပါက ဥပဒေစိုးမိုးရေး ရှိသည်ဟု ပြော၍ မရပါ။ အထက်တွင် ဥပမာပေးခဲ့သောမှုခင်း၌ အခွင့်အရေးအရ တန်းတူရေးကိုတွေ့ရပါမည်။ မကြေနပ်သည့် တိုင်းရင်းသူမ,လေးအနေဖြင့် အများသူငါကဲ့သို့ ရဲစခန်းတွင် သွားရောက်တိုင်တန်းပြီး အမှုဖွင့် တရားစွဲနိုင်သောကြောင့်ဖြစ်သည်။ သူမ,တွင် အခွင့်အရေး(Rights) ရှိပါသည်။ သို့ရာတွင် အခွင့်အလန်း(Opportunity) ရှိပါရဲ့လား။

တရားခံနှင့်တရားလို နှစ်ဦး၏ညီမျှခြေကို စစ်ဆေးကြည့်ဘို့လိုပါမည်။
စွပ်စွဲခံရသူတရားခံမှာ စစ်ဗိုလ်ကြီးတဦးဖြစ်သဖြင့် ရာထူးအာဏာ အရှိန်အ၀ါရှိသည်။ ငွေကြေးရှိသည်။ အသိုင်းအ၀န်းရှိသည်။ ရဲတွေက,စစ်တပ်ကို ကြောက်ရ,သည့်အခြေအနေကို အသုံးချနိုင်သည်။ ရုံးသုံးဖြစ်သော မြန်မာစကားကို ကောင်းမွန်စွာတတ်ကျွမ်းသည်။
အမှုကို ခုခံထုခြေရန် ငွေကြေးလုံလောက်စွာပေး၍ ရှေ့နေကောင်းကောင်းငှားနိုင်ခြေရှိသည်။ ယင်းအခြေအနေနောက်ခံ၌ စွပ်စွဲခံရသူစစ်ဗိုလ်ကြီးအနေဖြင့် တရားရုံးတွင်အမှုရင်ဆိုင်မည်ဆိုပါက အခွင့်
အလန်းအရ,တဘန်းမက,သာလျှက်ရှိသည်။

မုဒိန်းကျင့် ခံလိုက်ရသည့်တိုင်းရင်းသူမ,လေးမှာ တောတောင်အတွင်းရှိ ကျေးရွာကလေးတွင် နေရ,သော
ကြောင့် ရာထူး အာဏာ အရှိန်အ၀ါမရှိ။ ငွေကြေးမရှိ။ အသိုင်းအ၀န်းမရှိ။ မြန်မာစကားကို ဖြစ်ဖြစ်မြောက်
မြောက်မတတ်။ ရဲစခန်းကိုပင် ဘယ်လိုသွားရမည်ကို မသိ။ ရှက်ကြောက်လွန်းသောကြောင့် ရဲစခန်းကို သွားရောက် အမှုဖွင့်တိုင်တန်းရန်ပင် မဖြစ်နိုင်လောက်အောင် ၀န်လေးလျှက်ရှိသည်။ ငွေကြေး လုံလောက်
စွာပေး၍ ရှေ့နေကောင်းကောင်းငှားရန်မှာ အိပ်မက်ပင် မမက်နိုင်။ မုဒိန်းကျင့်ခံရသည့် တရားလို တိုင်းရင်းသူမ,လေးအနေဖြင့် တရားရုံးတွင်အမှုရင်ဆိုင်မည်ဆိုပါက, အခွင့်အလန်းအရ တဘန်းမက ဆုံးရှုံးလျှက်ရှိနေသည်။ ဤကဲ့သို့အခွင့်အလန်းအရ,တန်းတူမှုဆုံးရှုံးနေသော ဖြစ်ရပ်မျိုးများ၊ မှုခင်းများ မြန်မာနိုင်ငံ၌မြောက်များစွာ ဖြစ်ပွားလျှက်ရှိသည်။

ယင်းကို ကုစားရန် ဥပဒေရေးရာအရ,အထောက်အကူပြုလုပ်ငန်း (Legal Aid) များဖေါ်ဆောင်၍ ဥပဒေစိုး
မိုးရေးအခြေခံကို ဖြည့်ဆည်းပေးရသည်။ အားနည်းသည့်ဘက်က,အားကောင်းလာစေရန် အခွင့်အလန်း
များ တိုးချဲ့ဖန်တည်းပေးရင်း ညီမျှခြေကို ညှိပေးရသည်။ (Legal Aid နှင့် စပ်လျှဉ်း၍ အသေးစိပ်ကို နောက်ပိုင်းဆောင်းပါးများတွင် ဆက်လက်ဖေါ်ပြရန် ကြိုးပမ်းပါမည်။ မြန်မာနိုင်ငံကဲ့သို့ တတိယကမ္ဘာနိုင်ငံများတွင် ဥပဒေရေးရာအရ,အထောက်အကူပြုလုပ်ငန်းများအား
ကောင်းကောင်းမရှိဘဲ ဥပဒေစိုးမိုးရေးရှိပြီဟု ပြော၍ မရနိုင်ပါ။) ညီမျှခြေရှိလာစေရန် တိုင်းပြည်၏ အဆောက်အအုံ (State Institutions) များအား ပြန်လည်ပြုပြင် တည်ဆောက်ဘို့၊ လူထုအင်အား တောင့်တင်းလာစေမည့် အနေအထားများအား ဖန်တည်းဘို့ မကြိုးစားဘဲ ညှိ
နှိုင်းဖြေရှင်းရေးသက်သက်ကိုသာ ဇောင်းပေးနေမည်ဆိုပါက လူထုသည် အစဉ်အမြဲနစ်နာနေဘွယ် ရှိပါ
သည်။

လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေသည်များကို ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း သိခွင့်မရသဖြင့် လက်
ပံတောင်းတောင်ကဲ့သို့ပြဿနာမျိုး ပေါ်ပေါက်နေသည်ဟု အချို့က,ဆိုကြသည်။
ဤသည်မှာ မှန်သင့်သလောက် မှန်ပါသည်။ သို့ရာတွင် ကျားကြီးက,ယုံကလေးကို လက်နှင့်ဖိထားသည့် အခြေအနေအား လှည့်ပြောင်းရန် အရင်ဦးဆုံးကြိုးစားဘို့လိုပါမည်။
သို့မဟုတ်ပါက ကျားကြီးက,ပွင့်ပွင့်လင်းလင်း သိခွင့်ပေးမည်မဟုတ်သလို၊ တနည်းနည်းဖြင့် သိလာစေဦး
တော့ ယုံကလေးဘက်က,ပြန်လည်အရေးယူနိုင်သည့်အနေအထားမရှိသဖြင့် မတရားမှုများ ဆက်လက်ဖုံး
လွှမ်းနေပါမည်။

လူထုအား ယုံကလေးဘ၀,မှ ဆင်ကြီးဘ၀,သို့လှည့်ပြောင်းနိုင်စေရန် ဥပဒေစိုးမိုးရေးအခြေခံမှ မည်သို့
တည်ဆောက်မည်နည်း။ လူထုရ,သင့်ရ,ထိုက်သောအခွင့်အရေးကို အသိအမှတ်ပြုရုံသာမက, ယင်းတို့အား ဥပဒေပါအခွင့်အရေး (Legal Rights) များအဖြစ် ကျင့်သုံးနိုင်စေရန် တိုင်းပြည်၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများတွင် ပြဌာန်းပေးရပါမည်။ လက်ပံတောင်းအရေးတွင်အစပြုလျှက် လယ်သမားများ ရ,သင့်ရ,ထိုက်သော လယ်လုပ်သူလယ်ပိုင်ခွင့် အခွင့်အရေးကို ပထမဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကော်မရှင်က, အသိအမှတ်
 ပြုရုံသာမက, ဥပဒေပါအခွင့်အရေးဖြစ်လာအောင် ဦးဆောင်တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မြှော်လင့်သည်။

စင်စစ်အားဖြင့် “လယ်ပိုင်ခွင့်” အခွင့်အရေးသည် အသစ်အဆန်းမဟုတ်ပါ။
မြန်မာနိုင်ငံလွတ်လပ်ရေးရ,ပြီးချိန်ကထဲက,ကျင့်သုံးခဲ့သော အခွင့်အရေးဖြစ်သည်။
သို့ရာတွင် “လယ်ပိုင်ခွင့်” အခွင့်အရေးကို အကန့်အသတ်မဲ့ကျင့်သုံးလာသောအခါ မြေရှင်စနစ် ထွန်းကား
လာခဲ့သည်။ မိမိတို့ပိုင်သောလယ်မြေပမာဏ,မှာ ရွာပြင်ထွက်လိုက်လျှင် လက်ညှိုး ထိုးမလွဲ ဟူ၍ မြေရှင်များက တင်စားသုံးနှုန်းခဲ့သည် အထိပင်။ အကျိုးဆက်အနေဖြင့်လယ်သမားအမြောက် အများမှာ လယ်မဲ့ယာမဲ့များ၊ လယ်သူရင်းငှားများ ဘ၀,သို့ကျဆင်းသွားခဲ့ရသည်။

ဤသည်ကို ပြန်လည်ပြုပြင်ရန် ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကိုပြဌာန်းပြီး အစိုး
ရက,မြေရှင်များထံမှ လယ်မြေများကိုပြန်သိမ်း၍ လယ်သမားများအားဝေခြမ်းရေးလုပ်ပေးခဲ့သည်။ ထိုအချိန်မှစ,၍ လယ်မြေများအား မည်သည့်ပုဂ္ဂိုလ်တဦးတယောက်မျှ အကန့်အသတ်မဲ့ တရားဝင်ပိုင်ဆိုင်
ခွင့် မရှိတော့ပါ။ သို့ရာတွင် လယ်လုပ်သည့်လယ်သမားများက လယ်မြေကို ပုဂ္ဂလိက,ပိုင်ဆိုင်ခွင့်အား ဖျက်သိမ်းလိုက်ခြင်း မဟုတ်။ ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအောက်မှာပင် လယ်သမားများသည် အနည်းဆုံး တတုံးထွန်အထိ ပိုင်ဆိုင်ခွင့်ရခဲ့သည်။

ယခုမူ ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရက ၂၀၁၂ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ၁၉၅၃ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကိုဖျက်သိမ်းပြီး လယ်ယာမြေဥပဒေသစ်ကို ပြဌာန်းလိုက်ပြီ ဖြစ်သည်။ ယင်းဥပဒေအရ,တဘက်တွင် လယ်လုပ်သည့်လယ်သမားများသည် လယ်ယာမြေအပေါ် ပုဂ္ဂလိက,ပိုင်ဆိုင်
ခွင့် လုံးဝ,ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ အခြားတဘက်တွင် ယင်းဥပဒေ ပုဒ်မ ၃ (င)(၃) အရ,လယ်ကို ကိုယ်တိုင်မလုပ်ဘဲ အရင်းအနှီးစိုက်ထုတ် စီမံသည့်ငွေရှင်များသည် လယ်သမားစာရင်းဝင် ဖြစ်သွားသည်။
ထို့အပြင် ကုမ္ပဏီများသည် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကိုချည်းကပ်လျှက် ပုဒ်မ ၃၀ အရ,မြေ
ယာများအား အခြားနည်းအသုံးချသည်ဟုဆိုကာ လယ်သမားများ၏မြေယာများကို သိမ်းယူ လုပ်ကိုင်ခြင်း
ဖြင့် မြေရှင်ကြီးစနစ် ပြန်လည်ထွန်းကားတော့မည်ဖြစ်သည်။

လယ်လုပ်သူ “လယ်လုပ်ပိုင်ခွင့်ရခြင်း” နှင့် “လယ်ပိုင်ခွင့်ရခြင်း” နှစ်ခုသည် လုံးဝပင်မတူညီပါ။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်လုပ်ပိုင်ခွင့်ကို ရောင်း၊ ပေါင်၊ဖလှယ်၊ ပေး၊ ငှား၊ လုပ်ခွင့်ပြုထား
သော်လည်း ယင်းသို့လုပ်ရာ၌အစိုးရက,ခန့်အပ်တာဝန်ပေးထားသော လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်
ဆင့်၏ ကြီးကြပ်မှုမှာ အဓိကဖြစ်သည်။ မြန်မာနိုင်ငံ၌ တည်ဆဲဥပဒေဖြစ်သော ပစ္စည်းလွှဲပြောင်းရေး ဥပဒေအရ “ရောင်းချခြင်း” (Sale) ဟူသည်မှာ “ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးခြင်း” ဖြစ်သည်။ လယ်သမားတွင် “လယ်လုပ်သူ လယ်ပိုင်ခွင့်” ရှိပါက မိမိ ကိုယ်တိုင် လယ်မလုပ်နိုင်တော့သော်လည်း မိမိသဘောအလျှောက်သူရင်းငှားခေါ်ယူခိုင်းစေပြီးလယ်ဆက်လုပ်နိုင်သည်။ မည်သည့် စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက်၊ အသိအမှတ်ပြုမှုရ,ယူစရာမလိုဘဲ အမွေဆက်ခံခွင့်ပေးနိုင်သည်။ လယ်မှာ မိမိပိုင်ဆိုင်သည့် ပစ္စည်းဖြစ်သဖြင့် မိမိရောင်းခြင်မှရောင်းမည်၊ မရောင်းဘဲလဲ နေခြင်နေမည်။ ကြိုက်ဈေးရလျှင် ရောင်းမည်။ ကြိုက်ဈေး မရ,လျှင် မရောင်းဘဲနေမည်။ မည်သူမျှ ဖိအားပေး၍မရ။ ရောင်းရာတွင်လည်း မိမိပစ္စည်းကို မိမိရောင်းခြင်းသာဖြစ်သဖြင့် မည်သည့် စီမံခန့်ခွဲရေး အဖွဲ့၏ကြီးကြပ်မှုမှ မလို။

နိုင်ငံတော်သည် မြေယာအားလုံး၏ ပိုင်ရှင်ဖြစ်သဖြင့် အစိုးရက နိုင်ငံတော်ကို ကိုယ်စားပြုကာ တပြည်လုံး
ရှိ မြေယာများအပေါ် စိတ်ကြိုက်စီမံခန့်ခွဲနေခြင်းမှာ တရားဝင်သည်ဟုလက်ခံလျှင် ညှိနိုင်းဖြေရှင်းရာ၌ အစိုး
ရ,အာဏာပိုင်များဖြစ်စေ၊ ၎င်းတို့က,လုပ်ငန်းလိုင်စင်ချပေးထားသော ကုမ္ပဏီများဖြစ်စေ အထက်စီးတွင်
ရောက်နေပါမည်။ လယ်သမားများက ဒူးတုတ်နေကြရမည့် ဘ၀ဖြစ်သည်။ လက်ပံတောင်းတောင်လယ်သမားများမှာ သုံးနှစ်စာသီးနှံအတွက် တဧကလျှင်ကျပ်ငါးသိန်းကျော် ခန့်မျှသာ ရ,ရှိကြောင်းသိရသည်။ လယ်သမားများမှာ၎င်းတို့ေ ပးသမျှ မဖြစ်လောက်သောလျော်ကြေး ကလေးကို ခေါင်းငုံ့ကာလက်ခံရယူ၍ မြေမှ ထွက်ခွာပေးကြရရုံသာ ရှိမည်။ ကော်မရှင်၏အလုပ်မှာလည်း လယ်သမားများအတွက် လျော်ကြေးငွေနည်းနေပါသည်၊ တစုံတရာတိုးပေးပါ ဟုဝိုင်းဝန်းမေတ္တာ ရပ်ခံပေးခြင်းမှတပါး အခြားတတ်နိုင်မည်မဟုတ်ပါ။

သို့ဖြစ်၍ “ လယ်လုပ်သူ လယ်ပိုင်ခွင့်” ဟူသည်မှာ လယ်သမားတိုင်းအတွက် အရေးကြီးလာသည်။ ယင်းကို အသိအမှတ်ပြုလျှင်ပင် လက်ပံတောင်းတောင်လယ်သမားများ၌ ညှိနှိုင်းနိုင်စွမ်းရည် များစွာတက် လာပါမည်။ လယ်သမားထုအနေဖြင့် ယုံကလေးဘ၀,မှ ဆင်ကြီးဘ၀,သို့ ပြောင်းလဲနိုင်စေရန် လမ်းကြောင်းပွင့်သွားပါမည်။ ဤသည်ကိုဒ်ါအောင်ဆန်းစုကြည်ခေါင်းဆောင်သည့် ကော်မရှင်ကိုယ်တိုင်က စနစ်တကျပြန်လည်လေ့လာပြီး “ လယ်လုပ်သူ လယ်ပိုင်ခွင့်” ဟူသည့်လယ်သမား အခွင့်အရေး အခြေခံပေါ်တွင် ရပ်တည်၍ လက်ပံတောင်းတောင်အရေးကို ချည်းကပ်လိမ့်မည်ဟု မြှော်လင့်သည်။

သို့ဖြစ်ပါက လက်ပံတောင်းတောင်လယ်သမားများသာမက, တပြည်လုံးရှိလယ်သမားများပါ အကျိုးခံစား
ခွင့် ရ,သွားနိုင်ပါသည်။ အစိုးရက,သံဃာတော်များအား အင်အားသုံးဖြိုခွဲခဲ့ရာတွင် တပြည်လုံး၌ လူထု၏ မ
ကြေနပ်မှုမှာ တောမီးပမာ ချက်ခြင်းပျံ့နှံ့သွားခဲ့သည်။ မြေယာစီမံခန့်ခွဲမှုအပေါ် အခြေပြု၍ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ပြဿနာမှာ တဖြေးဖြေးကြီးထွားလာခဲ့သည်။ သံဃာတော်နှင့် လူထုအဖွဲ့အစည်းများ ပါဝင်ပတ်သက်လာသည်အထိ ကျယ်ပြန့်လာသောအခါ လက်ပံ တောင်းတောင် လယ်သမားထုအနေဖြင့် တိုက်ပွဲ၏အကျိုးကို မခံစားရ,သေးသော်လည်း အလားတူ အခြားဒေသ, တခုတွင်မူ မြေယာနှင့် စပ်လျှဉ်း၍ ဒေသ,ခံ လယ်သမားများ စ,တင်အကျိုးခံစားခွင့် ရ,လာပြီ ဖြစ်ကြောင်းတွေ့ရသည်။

Max Myanmar ကုမ္ပဏီက ယခင်က ငွေဆောင်မြို့နယ်ခွဲ အမှတ်(၁) ရပ်ကွက်ရှိ လယ်နှင့် တောင်မြေဧက တရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၂၈၅ကို ဒီဇင်္ဘာလ (၇)ရက်နေ့က ဒေသ,ခံပိုင်ရှင် ၁၃ဦးအား ဂရု
ဏာကြေးအဖြစ် ပေးအပ်ခဲ့ခြင်းပင်။ ယင်းမှာ တောင်သူ ၁၃ဦးပိုင်ဆိုင်သည့် လယ်မြေ နှင့် တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ဧက,အတွက် လယ် တဧက,လျှင် ကျပ် ၂၅သိန်းနုန်း၊ တောင်မြေ တဧက,လျှင် ကျပ် သိန်း ၁၀၀နုန်းနှင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် Eleven Media Group က, ဒီဇင်္ဘာလ ၁၂ရက်နေ့တွင် ဖေါ်ပြခဲ့သည်။

အပိုင်း (၃) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၄) ရက် ၂၀၁၂ ခုနှစ်

No comments: