မာနယ်ပလော - စောစော
စိန်ခေါ်ချက် - အမှတ်စဉ် (၁)
နောက်ခံသမိုင်း
ခါနွေနှောင်းဟောင်းရွက်ကယ်ကြွေလွင့်ချိန်ခါမို့ မနက်ခင်းနေရောင်ခြည်အောက်မှ
သောင်ရင်းမြစ်ရေသည် ကြည်လင်ကာပြာလဲ့လဲ့ရှိနေ၏။ စက်လှေမောင်းဆရာနှင့်ကျွန်တော်နှစ်ဥိးတည်းသာ
စီးနင်းလိုက်ပါ လာသော လှေသည် မနှေးမမြန်ပုံမှန်မောင်းနှင်လာပြန်သဖြင့် သောင်းရင်းမြစ်နွေနှောင်းကာလ
သဘာဝ အလှကို ခရီးလမ်းတလျှောက်လုံးမြင်လာခဲ့ရပြန်သဖြင့် ဦးနှောက်အာရုံထဲမှ တာဝန်နှင့်ဝန်ထုပ်ဝန်ပိုးတချို့
အလိုလို လွင့်စင်ပေါ့ပါးသွားလေသယောင်။
ဒီနေ့သည် (၁၀) ကြိမ်မြောက်ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး
နှီးနှောဖလှယ်ပွဲကြီးစတင်မည်ဖြစ် သည်။ ကရင့်လက်နက်ကိုင်တော်လှန်ရေးနယ်မြေမို့
ခရိုင်(၇)ခုနှင့် တပ်မဟာ (၇)ခုမှကိုယ်စားလှယ် တော်များ၊ ပြည်တွင်းပြည်ပ နယ်စပ်အနှံ့မှ
ကရင့်အဖွဲ့အစည်းများမှကရင့်ကိုယ်စားလှယ်များ ပြန်လည် ဆုံဆည်းကြမည်ဖြစ်၍ ကြည်နူးပီတိဖြစ်ရပြန်ပါသည်။
လှေငယ်သည်အစည်းဝေးပြုလုပ်မည့်လေးဝါးစခန်းသို့ ဦးတည်လျက်တရွေ့ရွေ့မောင်းနှင်လာပါသည်။ လေးဝါးသည် KNU ဌာနချုပ်နှင့်မနီးမဝေးဒေသတွင်ရှိပြီး ခရီးသွားလာရန်လွယ်ကူသည့် သာယာ လှပသောစခန်းတခုဖြစ်သည်။ တချိန်ကတော်လှန်ရေး ယောင်းရင်းခေါင်းဆောင်များနှင့် ဆုံစည်းကြ၊ ပြောဆိုကြ၊ ဆွေးနွေးဖလှယ်ကြပုံများကိုစိတ်ထဲတွင်တရေးရေးပြန်လည်မြင်ယောင်လာရင်း စီးလာ သောလှေသည် လေးဝါးစခန်းသို့အသာတကြည်ဆိုက်ရောက်လာလေသည်။
လှေမောင်းဆရာအားကျေးဇူးတင်စကားပြောဆိုနှုတ်ဆက်ပြီး အသင့်စောင့်ကြိုနေသောကားပေါ်တက်
လိုက်သည်။ ကားဆရာကကျွန်တော်စခန်းချရမည့်နေရာသို့သူသွားပို့ရမည်ဟုပြောသောအခါ လက်ထဲ ရှိနာရီကိုကျွန်တော်ကြည့်လိုက်သော်အစည်းအဝေးစတင်ဖွင့်လှစ်ရန်အချိန်နှစ်နာရီကျော်ကျန်ရှိနေသေး
သဖြင့် ရောက်ရောက်ချင်းသူငယ်ချင်းယောင်းရင်းဟောင်းများနှင့်တွေ့ဆုံနှုတ်ဆက်လိုသဖြင့်
KNU ဥက္ကဌ စောမူတူးစေးဖိုးရှိရာသို့တန်းမောင်းသွားရန်ပြောလိုက်သည်။ မကြာမှီအတွင်းဥက္ကဌရှိရာသို့ဆိုက်ရောက်
လာသည်။ ကားပေါ်မှဆင်းဆင်းချင်း ပဒိုစောလှထွန်းက ဥက္ကဌနှင့်ရောင်းရင်းများတည်းခိုသောအခန်း
သို့ပို့ဆောင်ပေးသည်။ အခန်းထဲသို့ဝင်ဝင်ချင်း ဥက္ကဌမူတူးစေးဖိုးအားလက်ဆွဲနှုတ်ဆက်လိုက်ကာ
-
“ကောင်းသောမနက်ခင်းပါ၊ နေကောင်းသလားအစ်ကို” ဟုနှုတ်ဆက်ပြောဆိုသည်။
သူလည်းကျွန်တော့ ကိုပြန်လည်နှုတ်ဆက်ပြီး ကျွန်တော့လက်ကိုပြန်မလွှတ်ဘဲ ဆက်လက်ဆုပ်ကိုင်ထားရင်း
ဘေးတွင်ရှိသည့်ကျန်ခေါင်းဆောင် များဖက်သို့လှည့်ကာ -
“ငါသူ့ကိုစိန်ခေါ်ရမလား” ဟူ၍လှမ်းမေးပါသည်။
ကျန်ခေါင်းဆောင်များကဘာမှပြန်မပြောဘဲငြိမ်နေသောအခါ ကျွန်တော်ကဘဲသူ့လက်ကိုဆုပ်ကိုင်ထားရင်း
“စိန်ခေါ်ပါ၊ သင်စကားပြောသိပ်နည်းတယ်။ စကားများများပြောပြီးသင်ဘာတွေလုပ်တယ်ဆိုတာ
ကိုယ့်ကရင်လူထုတွေကိုအသိပေးဖို့လိုတယ်”
ဟုရိုးသားစွာပြန်လည်စိန်ခေါ်လိုက်သော်မှတဦးနှင့်တဦးလက်ကိုပြန်လည်လွှတ်လိုက်ပါသည်။
ထိုနောက်ကျွန်တော်သည် ပဒိုကွယ်ထူးဝင်း၊ ပဒိုစောရောဂျာခင်၊
ပဒိုစောလေးတောစသည်များနှင့် ရင်းနှီးချစ်ခင်စွာ နှုတ်ဆက်စကားပြောခဲ့သည်။ သူတို့လည်းအစည်း
အဝေးတက်ကြမည်ဖြစ်၍ခဏသာ တွေ့ဆုံနှုတ်ဆက်ပြီး မိမိတည်းခိုမည့်နေရာသို့ ကားဆရာက ပြန်လည်
ပို့ဆောင်ပေးခဲ့သည်။ အဆောင် ရောက်၍ရေမိုးချိုးအ၀တ်လဲပြီး အချိန်တနာရီကျော် ကျန်နေသေးသဖြင့်
အစည်းအဝေးတွင်လိုအပ်သော စာရွက်စာတမ်းများကိုယူကာ အနီးရှိကွင်းပြင်သို့တဦးတည်းထွက်လျှောက်
လာခဲ့သည်။
လူသူမရှိ ဆိပ်ငြိမ်လျက်ရှိသောကွင်းပြင်ထောင့်တနေရာတွင်ခြေစုံရပ်ပြီး
လေးဝါး၏အနေ အထားနှင့် သဘာဝအလှကိုကြည့်ကာ တချိန်က ဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ဒုဥက္ကဌပဒိုစောသန်းအောင်၊
ပဒိုစောသာပြည့်၊ ၀န်ကြီးချုပ် စောဘသင်စိန်၊ ပဒိုစောစံလင်း၊ ပဒိုစောစကော်လယ်တော၊ ပဒိုစောစံလင်း၊
ပဒိုစောလယ်ဝါး၊ ပဒိုစိုးအောင်၊ ပဒိုဘောယူဖော၊ ပဒိုလယ်မူး (မန်းသိန်း)၊ ပဒိုစောဂေဒွဲ၊
ပဒိုရွှေရာဟဲ၊ ဗိုလ်ချုပ်ကြီးစောတာမလာဘော၊ ဗိုလ်ချုပ်စောလှထူး၊ ဗိုလ်ချုပ်စောကစယ်ဒို၊
ဗိုလ်ချုပ်မန်းမြမောင် (မန်းသုခနောက်)၊ ဗိုလ်ချုပ်စောမောင်မောင်၊ ဗိုလ်ချုပ်စောရတ်၊
ဗိုလ်ချုပ်စောရွှေဆိုင်း၊ ဗိုလ်ချုပ်စောရှားမိန်း၊ ဗိုလ်ချုပ်မန်းကျော်သောင်းနှင့် တပ်မှူးတပ်ဗိုလ်များ၊
ဌာနဆိုင်ရာဝန်ကြီးများ နှင့်အတူအကြိမ်များစွာ လာရောက်ဆုံစည်းခဲ့ဖူးသည့် ဤနေရာ၊ ဤလေးဝါး
..
တဖန်အဝေးသို့မျှော်ကြည့်လိုက်သော်လေးဝါး၏ ကျောက်ဆောင်သွယ်တန်းများသည်
ဒေါနတောင် တန်းကြီး၏ တောင်စွယ်တောင်တန်း၊ အစိပ်အပိုင်းတောင်ကမူလေးများသာလျှင်ဖြစ်ပေသည်။
သမိုင်းတွင် ကျော်ကြားထင်ရှားပြီး ကြီးမားခန့်ငြားလှသော ဒေါနတောင်တန်းကြီးသည်အလွန်ကျယ်ပြန့်ရှည်
လျားလှသောလွင်ပြင်ကျယ်၊ တောင်သွယ်တောင်တန်း၊ ချောင်းကြီးချောင်းငယ်အသွယ်သွယ်တို့ဖြင့်တည်
ဆောက်ထားသည့် ကမ္ဘာတခုပင်ဖြစ်သည်။ ဤနေရာဒေသအားလုံးသည် ထောင်စုနှစ်နှင့်ချီပြီး ကရင်လူမျိုးတို့၏
ဘိုးဘွားအဆက်ဆက် ဓားမဦးချနေထိုင်လာခဲ့သောရေမြေဌာနေပင်ဖြစ်သည်။ ဒေါနနှင့်ကရင်၊ ကရင်နှင့်ဒေါနသည်
မည်သို့မျှခွဲမရသောထာဝရအမှန်တရားဖြစ်သည်။ ဒေါနသည် ကရင်သင်တိုင်းဝတ်ပြီး ကရင်စကားအပြင်
တခြားအဘယ်အ၀တ်အစားမှမ၀တ်၊ အဘယ်ဘာသာ စကားမျှသူမပြောတတ်ပေ။ ဒေါနမှအခြေခံ သောင်ရင်းသံလွင်တခွင်
- မူတြော် - လူသော၊ သောသီ၊ တောင်ငူရိုးမတခွင်သည်
ငါတို့၏ဘိုးဘွားအမွေအနှစ် ဘူမိနက်သန် နေရာမှန်များပင်လျှင်မဟုတ်ပါလော။
ယခုခေတ်မှ မဟာဝါဒီစစ်သွေးကြွ တခေတ်ထလာသော ရန်ကုန်နှင့်ကြံ့ပြေးအုပ်စု
- ဦးနု၊ နေ၀င်းနှင့် သူတို့၏အမွေစားအမွေခံ သန်းရွှေ၊ သိန်းစိန် - ပဒေသရာဇ်တပိုင်း တခေတ်သစ်ကိုလိုနီသရဲ
တစ္ဆေ များက ငါတို့အား မိုက်မိုက်ကန်းကန်း လာရောက်စော်ကားလာသည်ကို လက်ပိုက်ကြည့်နေရတော့မည်လား၊
လက်နက်မဲ့ ပြည်သူလူထုတရပ်လုံးနှင့် တိုင်းရင်းသားလူမျိုးများအားလုံးအား အတင်းအဓ္ဓမ လက်နက်အားကိုး
ညှဉ်းဆဲသတ်ဖြတ် မတရားအာဏာလုယူသည်ကား စင်စစ်အားဖြင့်
နွားမအုပ်စုမှ နွားကုပ်ဗိုလ်လုပ်သည်ကို ငါတို့ကဘာ့ကြောင့် သူတို့အား -
“နိုင်ငံတော်အကြီးအကဲ”
“နိုင်ငံတော်အစိုးရ”
“လက်ရှိအစိုးရ”
ဟူ၍ခေါ်ဝေါ်ကာ မိမိကိုယ်ကို ငတုံး ငအ လူ့ငနွားဘ၀ရောက်အောင်ဘာ့ကြောင့်တမင်တကာ
အရှက် မရှိဖန်တည်းကြရသနည်း။ နဂိုလ်ရှိရင်းစွဲနှစ်ပေါင်းအဆက်ဆက်မှ ဒေါနနှင့်ကရင်၊ ကရင်နှင့်ဒေါန
ဒီမိသားစုဘ၀ကို လာရောက်သွေးခွဲ ဗိုလ်လုပ်၊ အုပ်ချုပ်ဘို့ကြိုးစားလာသူသည် ငါတို့ကရင်
တမျိုးသားလုံး၏ ရန်သူ။ ဤသည်ကားကမ္ဘာ့နိယာမအမှန်တရား။ ကရင့်လက်နက်ကိုင်တော်လှန်ရေးသမားတယောက်စီတိုင်း
သည် ဤအမှန်တရားကိုထိုးဖောက်ရှုမြင်နိုင်စွမ်းရှိရမည်။ တနည်းဆိုသော် ဤသည်မှာ ကရင်တမျိုးသား
လုံး၏ အမျိုးသားနိုင်ငံရေးသိပ္ပံပင်ဖြစ်သည်။
ဒီပညာ၊ ဒီအမှန်တရားကိုမသိသဖြင့် ခေတ်အဆက်ဆက်မှ ရန်ကုန်နှင့်ကြံ့ပြေး
မြွေလိမ်မြွေကောက်အုပ်စု သပ်လျှိုဖြိုခွဲမှုကြောင့် မိသားစု အတွင်းကွဲပြားခြားနားကာ
အချင်းချင်းပြန်လည်လုပ်ကြံသတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ စိန်ခေါ်ခြင်းများအထိရောက်လာခဲ့ရသည်။
ယခုလောလောလတ်လတ် - တနာရီကျော်လောက်ကပင်လျှင် ဥက္ကဌမူတူးစေးဖိုးက
ကျန်ုပ်အား စိန်ခေါ်လာပြန်သည်။ ရန်သူအိုးမဲသုပ်ပေးလို့ကျန်ုပ်တို့အချင်းချင်း ခွပ်ကြရသော်
ကျန်ုပ်တို့သည် လူသားစစ်စစ်မှ ကြက်ငှက်သတ္တ၀ါ၊ တိရိတ္ဆန်ဘ၀သို့အလိုလိုရောက်သွားပေတော့မည်။
ထိုထက်မကငါတို့၏သမိုင်းစာမျက်နှာတွင် ဘယ်သောအခါမှ ဖျောက်ဖျက်၍မရနိုင်တော့သည့်
အမည်း စက်များသာ ထာဝစဉ်စွန်းထင်းညစ်ပေကာ ကျန်ရစ်လေရော့မည်။ ရန်သူမွှေနှောက်လို့ တော်လှန်ရေး
ပန်းတိုင်ကို အပျောက်မခံဘူး။ တမျိုးသားလုံးရဲ့ကြီးမားလှစွာသော တော်လှန်ရေးသိက္ခာကို
အကျမခံစတမ်း၊ လုပ်လည်းမလုပ်စတမ်း၊ အချင်းချင်းကိုလည်းစိန်မခေါ်စတမ်း။ ထိုကြောင့်ဤနေ့မှစ၍
-
ဒီနေ့
ဒီနေရာ
ဒီလေးဝါး မှာ “ကြံ့ပြေးကို
ကျုပ်စိန်ခေါ်သည်”
စိန်ခေါ်ခြင်း
စိန်ခေါ်ခြင်းဟူသည် အနိုင်အရှုံးကိုပြတ်ပြတ်သားသားဆုံးဖြတ်သတ်မှတ်ခြင်းထက်
အမှားနှင့်အမှန်ကို တိတိကျကျထောက်ပြခြင်းဟူ၍အဓိပ္ပါယ်ဖော်ညွှန်းစေလိုသည်။ တနည်းဆိုရသော်စိန်ခေါ်ခြင်း၏
နောက်ကွယ်တွင် မပြောင်းလဲနိုင်သောအမှန်တရားတခုအမြဲတစေရှိနေမည်ဖြစ်သည်။
စစ်ဆင်မှုတခုကိုပြုတော့မည်ဆိုလျှင် ဗျူဟာမှူးသည်ရန်သူ၏လက်နက်အင်အားနှင့်
အသေးစိပ် အခြေအနေများကိုသိရှိထားရန်လိုအပ်သကဲ့သို့ ပဌမဦးစွာမိမိတပ်အင်အားနှင့်စွမ်းပကားကိုတိတိကျကျ
သိရှိထားရမည်ဖြစ်သည်။ မိမိတပ်မှူးတပ်ဗိုလ်များ၏အရည်အချင်း၊ အရာရှိအရာခံနှင့်အကြပ် တပ်သားများ၏
စိတ်ဓာတ်နှင့်တွေ့အကြုံ၊ လက်နက်ခဲယမ်းများ၏စွမ်းပကားနှင့်ထိရောက်မှုအပါအ၀င် ရာသီဥတုနှင့်စစ်မြေပြင်အနေအထားများကို
တိတိကျကျ သိရှိထားရမည်ဖြစ်သဖြင့် အောက်ပါ ဆုံးဖြတ်ချက်ကိုကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။
ထိုဆုံးဖြတ်ချက်ကား ဤ (၁၀) ကြိမ်မြောက်နှီးနှောဖလှယ်ပွဲအတွက်ကျွန်တော်ပြင်ဆင်လာသော
စာရွက်စာတမ်းများနှင့်ဆွေးနွေးပြောဆိုမည့်စကားအားလုံးကိုရုပ်သိမ်းလိုက်မည်။ အရေးကြီးသည်ကား
ကျွန်တော်၏စိန်ခေါ်ချက်အတွက်လိုအပ်သည့် မိမိအခြေအနေနှင့် အင်အားစွမ်းပကားကို ရယူရန်
လိုအပ်လာသဖြင့်ယခုလို (၁၀) ကြိမ်မြောက်နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပ၊ နယ်စပ်အနှံ့
ကရင်ကိုယ်စား လှယ်စုံလင်စွာရောက်လာစဉ် အနယ်နယ်အရပ်ရပ်မှတကယ့်မိမိအခြေအနေအမှန် နှင့်အင်အားကိုရယူဘို့အခွင့်ကောင်းဖြစ်သည်။
ထိုကြောင့်ဤအစည်းအဝေးတွင် အထူးလေ့လာသူတဦး အနေဖြင့် မိမိအသံအစားကိုယ်စားလှယ်များ၏ အသံကိုစုစည်းရယူထားရန်ဆုံးဖြတ်လိုက်ပါသည်။
ထိုခဏ၌ပင်လျှင်အဝေးမှအသံများကြားလာ၍လှမ်းကြည့်သော် ကရင်အင်္ကျ
ီကိုယ်စီဖြင့် အမျိုးသမီး၊ အမျိုးသားများ အစည်းအဝေးခမ်းမရှိရာသို့ အသီးသီးလျှောက်လှမ်းသွားကြသည်။
ဆုံးဖြတ်ချက် ရေးမှတ်ထားသောမှတ်စုစာအုပ်ကိုပိတ်ကာ ကွင်းကြီး၏တဖက်ကမ်းရှိ အစည်းအဝေးခမ်းမဆီသို့
အေးဆေးစွာ လျှောက်လှမ်းသွားခဲ့သည်။
နွေဂိမ္မာန် ခါနွေနှောင်းရယ်နဲ့ ၀ဿာန်ဦးတောင်လေမြူးချိန်မို့
ကွင်းအလယ်ခန့်ရောက်သော် လေပြေ လေညှင်းခပ်ပြင်းပြင်းတိုက်ခတ်လာပြီး မနက်ပိုင်း၏မြူမှုံဖွေးဖွေးကလေးများ
လွင့်စင်ပျောက်ကွယ် သွားသည်။ ထိုတခဏချင်းပင်လျှင်တွင် လေးဝါးတောင်စွယ်တောင်ကမူလေးများနှင့်အတူ
အဝေးမှဒေါနတောင်ညိုတောင်တန်းကြီးသည် လည်းထင်ထင်ရှားရှားပေါ်လာသည်။ “မင်းရဲ့စိန်ခေါ်ချက်နဲ့အတူ
ငါတို့ရှိနေမယ်” ဟူ၍ လေးဝါးနှင့် ဒေါနတောင်တန်းကြီးတခုလုံးက ကျွန်တော့အားတီးတိုးသစ္စာစကားပြောလာလေရော့သလားဟု
မျက်စိအာရုံထဲတွင် တချိန်က ကရင့်တော်လှန်ရေးဖခင်ကြီးများဖြစ်သော သွားလေသူအာဇာနည်ခေါင်းဆောင်ကြီးစောဘဦးကြီး၊
ဗိုလ်ချုပ်ကြီးစောစိုင်းကေ၊ ဥက္ကဌကြီးစောဟံတာသာမွှေး၊ ဥက္ကဌကြီးမန်းဘဇံ တို့အပြင်မာနယ်ပလောမှ
လုပ်ဖော်ကိုင်ဖက်၊ ချစ်သူငယ်ချင်း ပဒိုမန်းရှာလဖန်း၊ ပဒိုစောကလိုထူး၊ ဒေါက်တာဆင်း၊
ဒေါက်တာခိုသောင်းနှင့် ဒေါက်တာဖိုးသော်တာ စသည်များကိုပြန်၍မြင်ယောင်လာမိသည်။
အစည်းအဝေးခန်းမသို့ရောက်ရောက်ချင်း အစီအစဉ်ကိုင်သူ ဆရာမနော်လယ်လားရှီးကိုရှာလိုက်သည်။
စားပွဲတခုတွင် စာရွက်စာတမ်းများနှင့်အလုပ်ရှုပ်နေသောသူမသည် ကျွန်တော့်ကိုတွေ့တွေ့ချင်း
-
“ဦးလေးအတွက်အစီအစဉ်ကိုနက်ဖြန်မနက်ပိုင်းမှာထည့်ထားတယ်” ဟုပြောလာသည်ကို ကျွန်တော်က
“ဒုတိယနေ့တွင်ကျန်ုပ်အတွက်ထည့်ထားသောအစီအစဉ်အား ဖျက်ပေးပါ”
ဟု ပြောလိုက်ရာ သူမကကျွန်တော်အဆင့်သင့်မဖြစ်သေးဟုထင်သဖြင့်
-
“ဒါဆိုဒုတိယနေ့မွန်းလွဲပိုင်းမှာပြန်ထည့်ပေးလိုက်ရမလား”
ဟု ပြန်မေးလာ၍ ကျွန်တော်က
“ကိစ္စမရှိဘူး၊ နောက်ဆုံးရက်မှာနှုတ်ဆက်စကားပြောဖို့လောက်ဘဲဖြစ်ဖြစ်
ပြန်ထည့်ပေးလိုက်ပါ” ဟုပြောကာ စီစဉ်ထားသော ထိုင်ခုံသို့ဝင်ရောက်နေရာယူလိုက်ပါသည်။
ကျွန်တော်သည် အစည်းအဝေးဒုတိယရက်တွင် သဘာပတိအဖွဲ့ဝင်အဖြစ်တာဝန်ုယူရသောအချိန်မှအပ
ဆွေးနွေးပြောဆိုမှု၊ မိမိအမြင်သဘောထားအယူအဆများအားတင်ပြပြောဆိုဆွေးနွေးမှုများ အထွေအထူးမပြုဘဲ
အစည်းအဝေးရက်များတလျှောက်လုံး အခြားသောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏အယူအဆ၊ အမြင်သဘောထားများကိုသာလေ့လာစုဆောင်းခဲ့လေသည်။
ခေတ္တအားလပ်ချိန်များ၌ အနယ်နယ်အရပ်ရပ်မှကျွန်တော့အားလာရောက်နှုတ်ဆက်သော ကိုယ်စားလှယ်များနှင့်အတတ်နိုင်ဆုံးအချိန်ယူစကားစမြည်ပြောရင်းဆွေးနွေးကြသဖြင့်
နေ့လည်စာသုံးနပ်လွဲခဲ့ရသည်။ ညနေပိုင်းအစည်းအဝေးနားချိန်တွင်ဒေသအသီးသီးမှကိုယ်စားလှယ်များ၊
နိုင်ငံရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ခရိုင်နှင့်တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များ
နှင့်ချိန်းဆိုဆွေးနွေးမှုများကြောင့် ညစာထမင်းပွဲသိမ်း၊ မီးပိတ်ပြီးမှ ပြန်လည်ကျွေးမွေးရသဖြင့်
မီးဖိုဆောင်အဖွဲ့အား အားနာရသည်မှာလဲအကြိမ်ကြိမ်၊ ညဥ့်နက်မီးပိတ်သွားချိန် ဖယောင်းတိုင်မီးထွန်းပြီး
နံနက်တနာရီအထိဆွေးနွေးရသောညများလည်းခပ်များများ။
တတိယရက်တရက်လုံးကျွန်တော်အစည်းအဝေးမတက်ဘဲ ကျန်ုပ်၏အခန်းထဲတွင်
အထူးကိုယ်စားလှယ် များ၊ မြို့တွင်းနှင့် ရှေ့တန်းတာဝန်ခံကိုယ်စားလှယ်များနှင့်ချိန်းဆို၍တွေ့ဆုံဆွေးနွေးမှုများပြုခဲ့သည်။
ဤ နှီးနှောဖလှယ်ပွဲကြီးသို့ပြည်တွင်း၊ ပြည်ပကရင်အဖွဲ့အစည်းများနှင့် ကရင်တော်လှန်ရေးနယ်မြေရှိ
ခရိုင် (၇)ခု၊ တပ်မဟာ (၇)ခု၊ KNDO တပ်ရင်း (၇) ရင်းမှကိုယ်စားလှယ်များအပါအ၀င် နယ်စပ်ဒေသအနှံ့မှ
ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ရဟန်းသင်္ဃာများနှင့်ဆရာသမားများ စုံလင်စွာ
တက်ရောက်လာသောပွဲကြီးဖြစ်သည်။ တကမ္ဘာလုံးရှိကရင်လူမှုအဖွဲ့အစည်းနှင့်နိုင်ငံရေးအဖွဲ့အစည်းပေါင်း
(၆၆) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၂၄၆) ဦးတက်ရောက်ခဲ့ကြသည့် ကရင်တမျိုးသားလုံးကိုကိုယ်စားပြုသည့်
နှီးနှောဖလှယ်ပွဲကြီးဖြစ်ပါသည်။
အစည်းအဝေးသို့တက်ရောက်လာသော ကိုယ်စားလှယ် ၉၇% အားကျွန်တော်တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ ၎င်းအထဲမှကိုယ်စားလှယ် ၇၅% သည်လက်ရှိကြံ့ပြေးသိန်းစိန်အုပ်စုခင်းထားသည့်အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းစဉ်သည်ရန်သူကျော့ကွင်းထဲဝင်ရန်ဖန်တီးလိုက်သော လမ်းစဉ်ဟုမြင်ကြပြီး
ကျန်ကိုယ်စားလှယ် ၁၅% မှာကား လက်တွေ့လုပ်ပုံကိုင်ပုံနည်းလမ်းမမှန်သဖြင့် ကရင်တော်လှန်ရေးနှင့်
ကရင်အမျိုးသားရေးသိက္ခာကျသည်ဟုမြင်ကြသည်။ နောက်ဆုံးသော ကိုယ်စားလှယ် ၁၀% မှာ ရန်သူမှ
လမ်းဖောက်၊ တံတားဆောက်ခြင်း၊ တပ်စခန်းခိုင်မာအောင်ပြုပြင်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများကြောင့်
အန္တရယ်ရှိပြီးစိုးရိမ်ရသည်ဟုမြင်ကြပါသည်။
အချုပ်အားဖြင့်ဆိုသော် အစည်းအဝေးတက်ရောက်သူများထဲမှ ကျွန်တော်တွေ့ဆုံဆွေးနွေးခဲ့ရသည့်
၉၇% သောကိုယ်စားလှယ်များမှာ လက်ရှိကြံ့ပြေးအုပ်စု၏အပစ်အခတ်ရပ်စဲရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲကို
လုံးဝယုံကြည်မှုမရှိကြချေ။
နောက်ဆုံးခြုံ၍ကြည့်သော် ဤ (၁၀) ကြိမ်မြောက်ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး
နှီးနှော ဖလှယ်ပွဲကြီးသည် အမျိုးသားနိုင်ငံရေးစစ်ဆင်မှုအတွက် စိန်ခေါ်သူဗျူဟာမှူးတဦး၏
လိုအပ်သည့် မိမိတပ်အခြေအနေနှင့်စွမ်းပကားအမှန်များကို ပြည့်ဝစွာပံ့ပိုးကူညီဖြည့်စွမ်းနိုင်သော
သမိုင်းဝင် နှီးနှောဖလှယ်ပွဲကြီး လည်းဖြစ်ပေသည်။
ဤသို့ဆိုသော် ယခု KNU ခေါင်းဆောင်အချို့တို့သည် မိမိပြည်သူလူထုတရပ်လုံး၏
ဆန္ဒနှင့်ယုံကြည်ချက် ကိုဆန့်ကျင်ပြီး မည်သို့သောခိုင်လုံသည့်အထောက်အထားကြောင့် ဤမျှလောက်
အထိကြံ့ပြေးအုပ်စုကို ယုံကြည်ကြလေသနည်း။ မည်၍မည်မျှအပေးအယူများ ပြုထားကြသနည်း။ ပြုလုပ်ခဲ့သည်ရှိသော်
မိမိကရင် လူထုကြီးတရပ်လုံးကိုပွင့်လင်းမြင်သာစွာရှင်းလင်းဖော်ပြသင့်ပေသည်။ ယုတ်ဆွအဆုံး
အနည်းဆုံးအဆင့် အနေဖြင့် ကြီးငါးကြီးတို့တိုင်ပင်ပြီး အလုပ်အမှုဆောင်မှတဆင့်ဗဟိုကော်မတီဝင်
၄၅ ဦးတို့နှင့်တိတိကျကျ ဖွင့်ဟဖော်ပြပြီးစစ်ရေးနိုင်ငံရေးကို ဗဟိုကြိုးကိုင်မှုဖြင့်ကိုင်တွယ်လုပ်ဆောင်ရမည်ဖြစ်သည်။
အကြောင်းသော်ကား ဤရန်သူသည်နေ့ခင်းကြောင်တောင် လူရှေ့၊ ကမ္ဘာရှေ့တွင်
ကမ္ဘာ့ ကုလသမဂ္ဂ ကိုသော်၎င်း၊ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းများကိုသော်၎င်း ပြောင်ကတိပေးပြီး ပြောင်လိမ်လည်ခဲ့သည်။
အိမ်နီးချင်းအာစီယံနိုင်ငံများအား ယခုကဲ့သို့ လက်ရှိစီးပွားရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု
(Construction Engagement) စီမံကိန်းဖြင့် ပြောင်လိမ်ပြောင်စား လိမ်လည်လှည့်ဖြားခဲ့ပြန်သည်။
ထိုထက်မကတပြည်လုံးအတိုင်းအတာဖြင့်ပြည်သူလူထုအုံကြွလာပြီး တိုင်းပြည်အုပ်ချုပ်ရေးယန္တယား
လည်ပတ်မှုမပြုလုပ်နိုင်တော့သည့်အခါလူထုကိုအာဏာလွှဲပေးဘို့ အထွေထွေရွေးကောက်ပွဲခွင့်ပြု၊
ကျင်းပပေးခြင်းဖြင့် လူထုငြိမ်ဝပ်သွားပြီး ရွေးကောက်ပွဲကိုယုံကြည်မှုအပြည့်အ၀ဖြင့် မဲပေးခဲ့ကြသည်။
ရွေးကောက်ပွဲအပြီးစစ်တပ်ကအာဏာလွှဲပြောင်ခြင့်းမပြုဘဲ မဲနိုင်သူများကို ပြောင်အကျဉ်းချ
ထောင်သွင်းခဲ့သည်မဟုတ်ပါလော။ ထိုသို့အားဖြင့်ဆိုရသော် ယခု KNU ခေါင်းဆောင်တချို့နှင့်သာလျှင်
လူသူမသိ တိတ်တဆိတ်အမှောင်ခန်းမှ ဘာများကတိပေးလာပြန်သနည်း။ နေ့ခင်းကြောင်တောင် လူသိရှင်ကြား
ကမ္ဘာ့အလယ်တွင်ပေးထားသောကတိကိုသော်မှ ယနေ့လက်နှင့်ရေးပြီး နက်ဖြန်ခြေဖြင့် ပြောင်ပြောင်ကြီးဖျက်လာလေသမျှသော
ဤလူနှင့် ဤရန်သူကိုယုံကြည်၍ မိမိကရင့်တော်လှန်ရေးတခုလုံး ရန်သူလက်ထဲပုံအပ်မိသော် ငါတို့သည်ဧကန်မုချသမိုင်းတရားခံအစစ်အမှန်ပင်ဖြစ်ရပေတော့မည်။
ငါးတကောင်ပုပ်လို့တော့ တလှေလုံးအပုတ်မခံဘူး။ အစဉ်အလာမြင့်မား၍
ဂုဏ်ကျက်သရေ တောက်ပြောင်လှသည့် ၆၅ နှစ်ကျော်အထိ သက်တမ်းခိုင်မာလာသောကရင့်တော်လှန်ရေးကြီးကို
တစိုက်မတ်မတ်နည်းမျိုးစုံဖြင့် သတ်လျှိုထိုးဖောက် ဖြိုဖျက်လာသူ ရန်ကုန်အုပ်စုနှင့်ကြံ့ပြေးအုပ်စုတို့ကို
ကျန်ုပ်စိန်ခေါ်ပါသည်။
လေးဝါးမှနှုတ်ဆက်ခွဲခွါခြင်း
ညချမ်းရယ်တဲ့နေရီ၊ ခွဲခွါချိန်နီးပြီမို့ အစည်းအဝေးတလျှောက်လုံး
ပင်ပန်းနွမ်းလျခဲ့သမျှ - ဤညနေခင်းတညလုံးကျန်ုပ်အပန်းဖြေ အနားယူခွင့်ရခဲ့ပါသည်။ ဤညသည်ကားပြည်တွင်းပြည်ပမှ
ကရင့်အဆိုတော်များ၊ ကရင်လူငယ်နှင့်ကရင်အမျိုးသမီးအဖွဲ့များ လာရောက်စုဝေးပြီး တေးသံသာများဖြင့်
ဖြေဖျော်ပေးသောညဖြစ်သည်။ ဂီတဆည်းဆာညချမ်းချိန်ခါမို့ အစည်းအဝေးတလျှောက် ပင်ပန်းနွမ်းလျ
မှုများအား ချိုတေးသံနှောသောလေပြေလေညှင်းကလေးများက တိုက်ခတ်ယူငင်လွင့်စင်ပျောက်ကွယ်
သွားစေပါသည်။
ကြွရောက်သီဆိုအားပေးသော ကရင့်အဆိုတော်များနှင့်အတူပြည်တွင်းပြည်ပမှကရင်လူငယ်အဖွဲ့အစည်းနှင့်
ကရင့်အမျိုးသမီးအဖွဲ့အစည်းများမှကိုယ်စားလှယ်များက စင်မြင့်ပေါ်သို့အတူအကွ အလျှိုလျှိုယိမ်းနွဲ့သီဆို
ကြသည်ကိုမြင်ရလေသော် ဤလေးဝါးသည် ဒေါနတခွင်၊ သောင်ရင်းသံလွင်၊ မူတြော်လူသော၊ တောင်ငူ
ရိုးမတခွင်မှအမျိုးသားတော်လှန်ရေးသမားများ၏ “ချစ်သူတွေခိုနားရာမြေ ” စင်စစ်ပင်ဖြစ်လေသည်တကား။
အထူးသဖြင့်တချိန်ကအတူတကွနေလာခဲ့သော်လည်းကျွန်တော်တခါမှမထင်မှတ်ခဲ့သော
လုပ်ဖော် ဆောင်ဖက်ဟောင်းတချို့၏အနုပညာမြောက်လှသည့်ပါဝင်သီဆိုမှုများကိုမြင်ရကြားရပြန်သော်
တအံ့တသြဖြစ်ရပြန်သည်။
ရပ်ဝေးမှပြန်ရောက်လာသောကရင့်အမျိုးသမီးများကလည်း လှပသောပန်းကုံးများစွာကို
အကြိမ်ကြိမ်ဝယ်ယူပြီး ပရိသတ် များနှင့်အတူကြည့်ရှုအားပေးနေသော ရဲဘော်များအားသွားရောက်
ပေးကမ်းပြန်သည်။ ထိုအခါဧည့်သည်အဆိုတော်များသီချင်းဆိုနေစဉ်တွင် စစ်ဝတ်စုံဖြင့် တော်လှန်ရေး
ရဲဘော်များစင်မြင့်ပေါ်သို့တက်ကာသီဆိုဖျော်ဖြေသူများအား ပန်းကုံးစွပ်ဂုဏ်ပြုပေးသည့်
မြင်ကွင်းကို မြင်ရလေသော် တော်လှန်ရေးမျိုးဆက်သစ် လူထု၊ လူတန်းစားအားလုံးစုပေါင်း၍
အညွန့်တလူလူ ဖူးပွင့်ဝေဆာလျက်ရှိနေကြောင်းကျေညာမောင်းခတ်ခြင်းပင်ဖြစ်လေသည်။
အစီအစဉ်၏နောက်ဆုံးအပိုင်းတွင် (၁၀) ကြိမ်မြောက်ကရင်မျိုးသားညီညွတ်ရေးနှီးနှောဖလှယ်ပွဲ
တာဝန်ခံများ၊ ကရင်လူငယ်အစည်းအရုံးဌာနချုပ်မှလူငယ်ခေါင်းဆောင်များ၊ အမျိုးသမီးအစည်းအရုံးမှ
တာဝန်ရှိသူများ၏ မြူးကြွသောတော်လှန်ရေးတေးသံများတို့သည် ပရိသတ်များအား လွန်ခဲ့သော ၁၉၄၉
ခုနှစ်များဆီသို့ပြန်လည်ခေါ်စေသည်သာမက “မျှော်ရှာသူမောလို့ငိုရလိမ့်မယ်” ဟူသောနောက်ဆုံး
နှုတ်ဆက်ခွဲခွါတေးသံသာများတို့သည် မခွဲချင်မခွါချင်ထာဝစဉ်အတူလက်တွဲနေမည့် တော်လှန်သူလူတိုင်း၏
နှလုံးသားအတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်ခိုအောင်းလျက် ရှိနေမည်မှာအမှန်ပင်ဖြစ်သည်။
ထိုထိုအားလုံးတို့မှနောက်ဆုံးနေ့ ကျန်ုပ်၏နိဂုံးချုပ်မိန့်ခွန်းတွင်
ကြံ့ပြေးအုပ်စုအားစိန်ခေါ်ခြင်းကို အောက်ပါအတိုင်းတရားဝင် ကျေညာလိုက်လေတော့သတည်း။
“ကျန်ုပ်အခုတခေါက်ပြန်လာတော့
ဒီ “လေးဝါး” ကို “လောခီးလာ” လို့ လူအချို့မှ ခေါ် တာကို ကြားရတော့ ကျန်ုပ်အတော်အံ့အားသင့်မိတယ်။
လေးဝါးဆိုတဲ့ အမည်ရဲ့အဓိပ္ပါယ် ဟာ “ကျောက်တောင်ဖြူ”
(White Rocky Hill) လို့အဓိပ္ပါယ်ရတယ်။ လေးဝါးဟူသော အမည်ကို ကြားတိုင်း တချိန်က ကရင့်တော်လှန်ရေး၊
နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် ကရင့်တပ်မတော်သားများ
နိုင်ငံရေး၊ စစ်ရေးသတိဖြင့် တက်တက်ကြွကြွ၊ နိုးနိုးကြားကြား သွားလာလှုပ်ရှားမှုကိုမြင်ယောင်တယ်။
ယခု “လောခီးလာ”ဟူသောအမည်၏ အဓိပ္ပါယ်ကား “လှပတင့်တယ်သောနေရာ” ဟုအဓိပ္ပါယ်သက်ရောက်ပြီး
ယဉ်ကျေးသိမ်မွေ့၊ နွဲ့နွဲ့နှောင်းနှောင်း အမူအရာကိုဖေါ်ညွှန်းသဖြင့် - ရန်သူဖက်နမ်း သွားမယ်။”
-----------------------------------------------
------------------------------------
---------------
No comments:
Post a Comment