ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Saturday, April 28, 2012

အတ္တမဖက်သော

ရဲရဲတွေး


“ကိုကို. သတင်းစာကြီးလက်ကဘယ်တော့ချမှာလဲ။ ကိုကို့သမီးလေးကိုထမင်းစားဘို့ဝိုင်းပြောပါဦး”
ကျွန်တော်သတင်းစာကိုခုံပေါ်ချထားပြီး သမီးလေးနဲ့သူ့အမေဆီလာခဲ့တယ်။ ထမင်းပန်းကန်ရှေ့မှာသမီးလေးကမျက်ရည်ဝဲလို့။ တကယ်တော့သမီးလေး ဆင်ဒူဂျာဟာ သိတတ်ပြီးလိမ္မာရေးခြားရှိတဲ့သမီးလေးပါ။ ကျွန်တော်က.
“သမီးရယ်၊ ဖေဖေ့ကိုချစ်ရင် ထမင်းလေးတလုပ် နှစ်လုပ်လောက် ကြိုးစားပြီးစားလိုက်ပါကွယ်၊ နော်” လို့ ချော့မော့ပြောလိုက်တယ်။
“ဖေဖေစားစေချင်ရင်စားပါ့မယ်။ တလုပ်မဟုတ်ပါဘူး၊ တပန်းကန်လုံးကုန်အောင်စားပါ့မယ်။ ဒါပေမဲ့”
သမီးလေးက စကားရပ်ပြီးကျွန်တော့်ကိုမ၀ံ့မရဲမော့ကြည့်လိုက်တယ်။ ပြီးတော့.
“သမီးထမင်းအကုန်စားရင် ဖေဖေကသမီးတောင်းဆိုတာကိုလိုက်လျောပေးမှာလားဟင်”
“လုပ်ပေးမှာပေါ့သမီးရယ်၊ ထမင်းကိုသာကုန်အောင်စားလိုက်စမ်းပါ”
သမီးလေးထမင်းစားစေချင်လို့ပြောလိုက်ရပေမဲ့ သမီးဘာများတောင်းမှာပါလိမ့်။ လက်ပ်ထော့ကွန်ပြူတာတို့၊ အိုင်ဖုန်းတို့များတောင်းလာရင် လောလောဆယ် ၀ယ်ပေးနိုင်ပါ့မလား ဟုစိတ်ထဲတထင့်ထင့်ဖြစ်နေတော့သည်။
ကျွန်တော့်ရဲ့တဦးတည်းသောသမီးလေး သူမနှစ်သက်သောထမင်းကို မအီမသာတလုပ်ချင်း ကြိုးစားပြီးစားနေတာကို ကြည့်လိုက်ပြန်တော့ ကျွန်တော့ရင်ထဲမကောင်းဖြစ်မိနေတယ်။ သမီးလေးထမင်းစားပြီးတော့ ကျွန်တော့်အနားလာပြီး
“သမီးဖေဖေ့ကိုဘာမှဝယ်ပေးမခိုင်းပါဘူး။ ဒါပေမဲ့ ဒီလာမဲ့တနင်္ဂနွေမှာ သမီးကိုကတုံးရိပ်ခွင့်ပြုပါဖေဖေနော်”
“ဟဲတော်၊ ဘုရား ဘုရား” ဘေးမှာထိုင်နေတဲ့ကျွန်တော့်ဇနီးအလန့်တကြားပြောလိုက်သံ။
“မိန်းကလေးက ကတုံးတုံးမတဲ့လား. အလိုလေး၊ အခုခေတ်ကလေးတွေ ရုပ်ရှင်ကြည့်၊ တီဗွီကြည့်ပြီး ယဉ်ကျေးမှုမသိ၊ ယဉ်ကျေးမှုမရှိဖြစ်နေကြပြီ။ တို့မိသားစုမှာတော့ဒါမျိုးခွင့်မပြုနိုင်ဘူးဟဲ့” ဟုကျွန်တော့်အမေက စိုးရိမ်တကြီးတားမြစ်ပြန်သည်။ သမီးလေးကကျွန်တော့ကိုအားကိုတကြီးမော့ကြည်လာစဉ်..
“သမီးရယ်၊ အခြားတခုခုတောင်းဆိုပါလားကွယ်။ သမီးဘာကြောင့် ကတုံးတုံးချင်ရတာလဲ။ ဒါလေးတခုတော့ မိသားစုကိုနားလည်ပေးပါ၊ သမီးရယ် နော်။ ဖေဖေတောင်းပန်ပါတယ်”

သမီးလေးမျက်နှာညှိုးကျသွားသည်။
“ဖေဖေရယ်၊ သမီးထမင်းကိုဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားပြီးစားခဲ့ရတယ်ဆိုတာ ဖေဖေမြင်သားဘဲ။ အဲဒီအတွက် သမီးတောင်းဆိုတာ ဖေဖေလိုက်လျောပေးမယ်လို့ ကတိပေးခဲ့တယ်လေ။”
ခေါင်းငုံ့ထားတဲ့ သမီးလေးမျက်ရည်ဝဲပြီးဝမ်းနည်းနေတယ်။ သမီးက.
“ဖေဖေဘဲသမီးကိုသင်ပေးခဲ့တာလေ။ ကရစ်ချန်ဒရာဘုရင်ကြီးပုံပြင်မှာ ဘယ်လိုအခြေအနေမှာဘဲဖြစ်နေပါစေ ကိုယ်ပေးထားတဲ့ကတိကိုတည်ရမယ်၊ တန်ဘိုးထားရမယ် ဆိုတာလေ။”
ကျွန်တော်ဆုံးဖြတ်ချက်ကိုဒုံးဒုံးချလိုက်တယ်။ ပြီးတော့
“ဟုတ်တယ်။ လူဆိုတာ ပေးထားတဲ့ကတိကိုတည်ရမယ်” လို့ပီပီသသပြောလိုက်တယ်။
“နင်ရူးနေပြီးလား၊ အောင်မယ်လေး မဖြစ်နိုင်တာ” မေမေနှင့်ဇနီးသည်နှစ်ဦးစလုံး ကျွန်တော့်ကိုအံ့သြစွာအလန့်တကြားကြည့်ပြီးပြောကြတယ်။
“မရူးပါဘူးမေမေ၊ ကျွန်တော်တို့က ပေးထားတဲ့ကတိကိုမတည်ရင် သမီးလေးကို ကတိတည်ပါ၊ တန်ဘိုးထားပါလို့ ဘယ်လိုသင်ကြားဆုံးမလို့ရတော့မှာလဲ။ ဒီတော့သမီးကိုဖေဖေကတိပြုထားတဲ့အတိုင်း သမီးဆန္ဒပြည့်ဝစေ”

အတ္တမဖက်သော
တနင်္လာနေ့မနက်မှာသမီးလေးကိုကျောင်းပို့ပြီး ကျောင်းဖက်ဆီကိုလမ်းလျှောက်သွားတဲ့သူ့ကိုကားပေါ်ကနေငေးကြည့်နေမိတယ်။ ကတုံးပြောင်ပြောင်၊ မျက်နှာဝိုင်းဝိုင်းနဲ့သမီးလေးဟာတမျိုးလေးချစ်စရာကောင်းနေတယ်။ သမင်လည်ပြန် နောက်လှည့်ရင်းသမီးလေးက ကျွန်တော့ကိုလက်ဝှေ့ရမ်း နှုတ်ဆက်စဉ်မှာ..
“ဆင်ဒူဂျာ၊ ငါ့ကိုလည်းစောင့်ဦးလေဟာ”
ဟုပြောရင်း သမီးလေးဆီခပ်သော့သော့ပြေးသွားပြီးကျောင်းထဲအတူတူလျောက်သွားတဲ့ သူ့နဲ့အရွယ်တူ ကတုံးပြောင်ပြောင်ကောင်လေးတယောက်ကိုတွေ့လိုက်တယ်။
“သြော်.. မင်းတို့ကဒီလိုအကြံနဲ့ပါလားလို့” တွေးမိနေခိုက် “ဆရာ့သမီးလေး ဆင်ဒူဂျာက စိတ်ထားနူးညံ့သိမ်မွေ့ပြီး သိပ်ကြင်နာတတ်တဲ့မိန်းကလေးဘဲ ဆရာရယ်”
ခုနကကောင်လေးစီးလာတဲ့ကားပေါ်ကအမျိုးသမီးကြီး ကားပေါ်ကဆင်းလာပြီး ကျွန်တော့်ဆီ လမ်းလျှောက်လာရင်း ပြောလိုက်တယ်။
“ခုနကကောင်လေးဟာကျွန်မသားလေး ဟားရစ်ရှ်လေ။ သူသွေးကင်ဆာဖြစ်ပြီး ကီမိုသရပီ (ဓာတ်ကင်)နဲ့ ကုသနေရတော့ ဆံပင်တွေ အကုန်ကျွတ်ကုန်တယ်လေ။ အဲဒါ ကျောင်းကအတန်းဖော်သူငယ်ချင်းတွေက မစာမနာပြောင်ကြ၊ စကြတော့ အရမ်းရှက်၊ အရမ်းအားငယ်ပြီး ပြီးခဲ့တဲ့အပါတ်ကကျောင်းမတက်ဘဲတပတ်လုံး အိမ်တွင်းအောင်းနေခဲ့တာ”
အမျိုးသမီးကပြောရင်း မသိမသာဝမ်းနည်းဆို့ဝင်သွားသည်။ အဲဒါ ပြီးခဲ့တဲ့အပတ်က ဆရာ့သမီးလေးဆင်ဒူးဂျာ၊ ကျွန်မတို့အိမ်အလည်လာတော့..
“ဟားရစ်ရှ်ရယ် အားမငယ်ပါနဲ့၊ သူများတွေနင့်ကို မစမပြောင်ရအောင်လို့ ငါကူညီပေးပါ့မယ်” လို့အားပေးခဲ့တာ၊ “ဒါပေမဲ့ သူ့သူငယ်ချင်းအတွက် သူ့ရဲ့လှပတဲ့ဆံကေသာကိုအခုလို စတေးပြီးဝေဒနာကို မျှဝေခံစားမယ်လို့ ကျွန်မလုံးဝမတွေးခဲ့ဘူးဆရာရယ်။ ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ် ပိုင်ရှင်သမီးလေးတယောက်ရတာဟာ ဆရာတို့ဇနီးမောင်နှံ သိပ်ကံကောင်းတာဘဲ ဆရာရယ်”
ကျွန်တော်ရုတ်တရက် မှင်တက်ပြီးအာစေးမိနေသူတယောက်လို ဘာမှပြန်မပြောနိုင်ဘူးဖြစ်သွားတယ်။
“သြော် သမီးလေးရယ်၊ သမီးက အတ္တမဖက်တဲ့မေတ္တာသဘောကို ဖေဖေ့ကိုသင်ကြားပေးနေပါလားကွယ်။ တကယ်တော့ ဒီလောကကြီးမှာ မိမိချစ်ခင်ရသူအတွက် မိမိရဲ့ပိုင်ဆိုင်မှု၊ ဆန္ဒတွေကို စွန့်လွှတ်ပေးဆပ်လိုက်ခြင်းဟာ ငြိမ်းအေးပျော်ရွှင်ခြင်းရဲ့ စစ်မှန်တဲ့ဘူမိနက်သန်ပါဘဲ” ရယ်လို့ရင်ထဲမှာတော့အထပ်ထပ်ပြောဖြစ်နေလေရဲ့။

ရဲရဲတွေး

(ချစ်သောစာဘာသာပြန်)

No comments: