ရဲရဲတွေး
“မေမေ ကိုကို့အခြေအနေက စိုးရိမ်ရလားဟင်၊ ကိုကိုသေရင်တော့ သားသားငိုမှာဘဲ၊ သားသား ကိုကို့ ကိုမသေစေချင်ဘူးမေမေ”
ငိုမဲ့မဲ့မျက်နှာနဲ့မေးလာတဲ့သားလေးက အသက်(၆) နှစ်ဘဲရှိပါသေးတယ်။ ဒါပေမဲ့သိတတ်စ၊ စူးစမ်းတတ်တဲ့အရွယ်၊ မိသားစုသံယောဇဉ်လေးကလည်း ကြီးလွန်းတယ်။ မိသားစုထဲကတယောက်ယောက်နာမကျန်းဖြစ်ရင် အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်တဲ့သူလေးပါ။
အခုလည်း သူ့အကိုနေမကောင်းလို့ တခုခုဖြစ်သွားမှာအရမ်းစိုးရိမ်နေတယ်။ အမှန်တော့သူ့အကိုက
အနည်းငယ်အအေးမိတာမှလွဲလို့ အဖျားရယ်လို့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ကလေးတို့သဘာဝ အယုယခံချင်၊ နွဲ့ချင်လို့အိပ်ယာထဲလှဲ နေတာပါ။ ဒီတော့ကျမကသားငယ်ကို..
“မပူပါနဲ့သားငယ်ရယ်၊ သားရဲ့ကိုကိုကဘာမှမဖြစ်နိုင်ပါဘူး။ သေတယ်ဆိုတာကလူကြီးတွေ၊ အသက်ကြီးတော့မှသေတာ၊ သားလေးမစိုးရိမ်နဲ့နော်” လို့ စိတ်အေးစေကြောင်းပြောလိုက်တော့မှ သားငယ်လေးက ကျမကိုဖက်ပြီး ရှိုက်ကြီးတငင် ၀မ်းနည်းစွာငိုနေတော့တယ်။
“သားလေးမငိုနဲ့လေ၊ မေမေပြောပြီးပြီမဟုတ်လား၊ သားရဲ့ကိုကိုဘာမှမဖြစ်ပါဘူးလို့။ သားရဲ့ကိုကိုက အသက်ငယ်ငယ်ရှိသေးတာ”
မျက်ရည်ရွှဲလို့ ကျမကိုမော့ကြည့်လိုက်တဲ့သားလေးရဲ့မျက်လုံးမှာ ၀မ်းနည်းကြကွဲမှုနဲ့အတူ စိုးရိမ်မှုတွေဝေနေတယ်။ သားလေးဆို့ဆို့နင့်နင့်ပြောလိုက်တဲ့စကားက ကျမရင်ကို ဆစ်ကနဲစူးနင့်သွားစေခဲ့ပေမဲ့ ကျမနွေးထွးစွာပြုံးမိပါတယ်။
“ဒါဆို မေမေကအသက်ကြီးပြီဆိုတော့ မကြာခင်သေရတော့မှာပေါ့နော်။ မသေပါနဲ့ဦးမေမေရယ်နော်၊ သားသားမေမေ့ကိုချစ်တယ်၊ မေမေ့ကိုသားမခွဲနိုင်လို့ပါ” တဲ့။
ကျမရဲ့ရင်ထဲမှာတော့..
“မေမေ့သားလေးရယ်” လို့ တိုးတိုးရေရွတ်ရင်း သားလေးရဲ့ကျောပြင်ကို ကြင်နာနွေးထွေးစွာ အားပေးပွတ်သတ်နေမိပါတော့တယ်။
ရဲရဲတွေး (၃၀.၄.၂၀၁၂)
ရင်မှာဖြစ်တည်နေခဲ့သောအိမ်မက်များစွာတို့ လွင့်ပြယ်ပျောက်ပျက်မသွားခင် သင့်အားမျှဝေပြောပြခွင့်ပြုပါလေ။ ရေမြေရပ်ခြား တရပ်တပါးမှ ခင်မင်စွာဖြင့် အလည်လာရောက် ခံစားနားဆင်ပေးလေသော အဆွေအား ရင်နှင့်အမျှကျေးဇူးတင်လျက်..
ရည်ရွယ်ရာ..
ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
No comments:
Post a Comment