ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Thursday, June 14, 2012

ရခိုင် အမျိုးသားတို့ ကြုံတွေ့နေရသော နှိုင်းရဆုံးရှုံးမှု









ရိုဟင်ဂျာဟု အမည်တပ်ထားသော နိုင်ငံမဲ့ ဒုက္ခသည်များ၏ ပုံရိပ်များ နိုင်ငံတကာသတင်းဌာနများတွင် ပလူပျံလာခြင်းသည် ရခိုင်တို့၏ စိုးရိပ်ပူပန်မှုများကို အဆုံးစွန်ဆုံးသို့ ရောက်အောင်တွန်းပို့လိုက်လေသည်။


ရခိုင်သားတို့ မြင်မိသည်က နိုင်ငံမဲ့နေသောလူတစ်စုဟူသော အဖြစ်ထက်၊ ၄င်းတို့၏ ဘလော့များ၊ အင်တာနက်စာမျက်နှာများတွင် ဖြစ်ပျက်နေသော သမိုင်းကြောင်းဆိုင်ရာနှင့် နိုင်ငံသားဖြစ်ခွင့် သဘောတရားရေးရာများ ဖြစ်သည်။ ထိုအဖြစ်အပျက်များကြောင့် သနားရမည်ဟူသောအဖြစ်ထက် မိမိအရေးကို စိုးရိမ်ပူပန်ရမည့်အနေအထားကို ရောက်ရှိသွားသည်။ ရခိုင်လူမျိုးများမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ပြီး၊ သနားဂရုဏာတရားကို ရှေ့တန်းတင်သူများဖြစ်သော်ငြားလည်း မည်သည့်အတွက်ကြောင့် ရိုဟင်ဂျာ ဆိုသည်နှင့် ဆန့်ကျင်ချင်သော စိတ်ဆန္ဒများကြီးစိုးနေရပါသနည်း။ အထက်ပါမေးခွန်းကို ကျွန်ုပ်သိသော အနောက်နိုင်ငံသားတစ်ဦးမှ မေးမြန်းခဲ့ပေသည်။ ဤမေးခွန်းကို ဖြေရန်အတွက် ရခိုင်လူမျိုးတို့၏ ခံစားချက်များကို ယထာဘူတကျကျ ရှုမြင်ကြည့်ရန် လိုအပ်လာပေသည်။ ကောက်ချက်တစ်ခုမှာ ရခိုင်လူမျိုးများသည် နှိုင်းရဆုံးရှုံးခြင်း ဟူသော သဘောတရားကို ခံစားနေရသည် ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံအနောက်ဘက်၊ ရခိုင်ရိုးမ၏ ထိုမှာဘက်တွင်နေထိုင်သော ဤလူမျိုးများသည် အတိတ်၏ ကြီးကျယ်ခမ်းနားခြင်းတွင် ဂုဏ်ယူတတ်သူများ ဖြစ်သည်။ ယင်းကဲ့သို့သော ကြီးကျယ်ခန်းနားမှုများကိုလည်း ဒီဂျီအီးဟော၊ မောရိစ်ကောလိစ်ကဲ့သို့သော အနောက်တိုင်း ပညာရှင်များ၊ စာရေးဆရာများပင်လျှင် နှစ်ပေါင်းအတန်ကြာကပင် စာတမ်းများပြုစုဖူးဖြင်း၊ မြောက်ဦး၊ ဓည၀တီ၊ ဝေသာလီစသော မြို့ဟောင်းများ၏ အကြွင်းအကျန်များက သဇင်ပန်းခိုင်တမြိုင်မြိုင် ဆိုသကဲ့သို့ အထင်အရှားပြသနေခြင်းတို့က သူတို့၏ ဂုဏ်ယူတတ်ခြင်း အတွင်းသဘောကို ဖြည့်ဆည်းပေးသည်နှင့် တူနေပေသည်။ ရခိုင်လူမျိုးများသည် လက်ရှိအုပ်ချုပ်သူ တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဗမာများနှင့် မိမိတို့သည် တန်းတူသော လူမျိုးတစ်မျိုးဖြစ်သည် ဟူသော ခံယူချက်ကို ကိုင်စွဲထားပေသည်။ တစ်ချို့ရခိုင်များမှာ ထို့ထက်ပို၍ မိမိတို့သည် ဗမာများထက်ပင် ရှေးကျသောသမိုင်းကို ပိုင်ဆိုင်ထားခြင်းနှင့် မြောက်ဦးခေတ်သည် ဗမာဘုရင့်နိုင်ငံဖြစ်သည့် အင်းဝ၊ အမရပူရထက်ပင် တိုးတက်ခဲ့ကြောင်းကို ဒင်္ဂါးပြားဥပမာများ၊ စာဆိုက၀ိတို့၏ ရခိုင်မင်းသမီးဧချင်းအစရှိသော ဥပမာများဖြင့် တဖွဲ့တနွဲ့ ထောက်ပြကြပေသည်။

သို့ရာတွင် ၁၇၈၄ ခုတွင် ရခိုင်ဘုရင့်ပြည်သည် ပျက်သုန်းဆိတ်ငြိမ်းခဲ့ပြီး၊ ရခိုင်အထက်တန်းလွှာများသည် ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ၄င်းတို့သည် နယ်ချင်းစပ်ရာ၊ တစ်ချိန်က ၄င်းတို့ ရာစုနှစ်ပေါင်းနှစ်ရာကျော်ကြာ အုပ်စိုးခဲ့ရာ စစ်တကောင်းမြို့ရပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြသည်။ ရခိုင်ဘုရင်နှင့် မောင်းမမိသံများမှာမူ စစ်နိုင်သူတို့၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်ထိုအခါက စစ်တကောင်းရပ်ဝန်းဒေသသည် ယခုကဲ့သို့ လူဦးရေ ထူထပ်ခြင်းမရှိသေးပေ။ စစ်၏အနိဌာရုဏ်များကို ရှောင်ခွာလာခဲ့သော ရခိုင်များကို အင်္ဂလိပ်များက ယာယီနေရာများချပေးခဲ့ယင်း၊ နတ်မြစ်၏ တစ်ဖက်ကမ်း (ယခုဘင်္ဂလားနယ်မြေ)တွင် ဖလောင်းချိတ်၊ ကယုချောင်း၊ မြစ်နားရွာ၊ အပေါက်ဝ အစရှိသော ဒေသများသည် ရခိုင်တို့အတွက် စိုက်ပျိုးစားရာ နယ်မြေများ ဖြစ်ခဲ့သည်။ လူဦးရေနည်းပါးခြင်း၊ စိုက်ပျိုးမြေပေါများခြင်းများကြောင့် ရခိုင်တို့၏ စီးပွားရေး ပြေလည်ခဲ့သည်။ ရခိုင်ပြည်မူရင်းနယ်မြေဖြစ်သော မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ အစရှိသော နယ်မြေများတွင်မူ စစ်၏ဒဏ်ကြောင့်လည်းကောင်း၊ အခွန်အကောက်ကြီးမြင့်ခြင်းကြောင့်လည်းကောင်း ရခိုင်တို့သည် ဆင်းရဲကျပ်တည်းခဲ့သည်။

အင်္ဂလိပ်များ ရခိုင်ကို သိမ်းပြီးနောက်တွင် ရခိုင်တို့၏ ပညာရေး အဆင့်အတန်းသည် အလွန်ကောင်းမွန်ခဲ့သည်။ ရခိုင်ပြည်မှ ပညာတတ် အများအပြားမွေးထုတ်နိုင်ခဲ့ပြီး အင်္ဂလိပ်တို့၏ ဗျူရိုကရတ် အုပ်ချုပ်ရေးတွင် ထိပ်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြသည်။ အင်္ဂလိပ်အုပ်ချုပ်ရေးတွင် ဦးမေအောင်၊ ဆာပေါ်ထွန်း အစရှိသော ထင်ရှားသူများမှာ ရခိုင်အမျိုးသားများ ဖြစ်ကြသည်။ အိန္ဒိယ ပြည်သူ့အုပ်ချုပ်ရေး စာမေးပွဲဖြစ်သော ICS ကိုလည်း ရခိုင်သားများ ထူးချွန်စွာ အောင်မြင်ခဲ့သည်။ မြန်မာပြည်၏ ICS စာမေးပွဲ အောင်မြင်သူများစာရင်းတွင် ရခိုင်အမျိုးသားများ ကြီးစိုးနေခဲ့သည်။ ရှေ့နေရှေ့ရပ်များတွင်လည်း ရခိုင်သားများ ထင်ပေါ်ခဲ့သည်။ ခက်ခဲနက်နဲလှသော ပိဋ္ဋကတ်သုံးပုံကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သော ပုဂ္ဂိုလ်မှာလည်း ရခိုင်ပင် ဖြစ်သည်။ အခြားတစ်ဖက်ဖြစ်သော စီးပွားရေးတွင်လည်း ဘင်္ဂလာနှင့် ကုန်သွယ်နိုင်သဖြင့် ဦးရဲကျော်သူ ကဲ့သို့သော သူကြွယ်များ ပေါ်ထွန်းခဲ့သည်။ အရှင်ဦးဥတ္တမကဲ့သို့သော မြန်မာနိုင်ငံရေးကို လှုပ်နိုးခဲ့သူမှာလည်း ရခိုင်အမျိုးသားပင် ဖြစ်သည်။

ယခုကဲ့သို့သော အတိတ်က ကြီးကျယ်မှုများသည် ရခိုင်အမျိုးသားတို့အတွက် လက်မ ထောင်စရာ ဖြစ်ခဲ့သည်။ အရှင်ဦးဥတ္တမ၏ ဒုတိယကို မလို၊ ပထမကိုမှ လိုချင်သော စိတ်ဓာတ်မျိုးသည် ရခိုင်သားတို့၏ အတွင်းသဘောကို လွှမ်းမိုးနေခဲ့သည်။ သို့ရာတွင် ကံကြမ္မာသည် ရက်စက်တတ်သော သဘောကို ဆောင်သည် ထင်ပါသည်။
Picture 113မကြာသေးခင်အချိန်က UNDP ၏ အစီရင်ခံစာတစ်ခုအရ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိလာရပေသည်။ ဂီရိမုန်တိုင်းတိုက်ပြီးနောက်တွင် ရခိုင်ပြည်နယ်သို့ အကူအညီပေးရန် ရောက်ရှိခဲ့ကြသော NGO များသည်လည်း ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ဆင်းရဲမွဲတေမှုမှာ အဆုံးစွန်စိုးရိမ်ရသော အခြေအနေကို ရောက်နေကြောင်း ထောက်ပြလာပေသည်။ ရခိုင်အမျိုးသားများမှာ မိမိ၏ မွေးရပ်မြေကို စွန့်ခွာ၍ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် နေကြရပေသည်။ မကြာခင်က ရခိုင်ပြည်နယ်သို့ ခရီးသွားခဲ့သော မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် မိန်းမများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိပြီး အားကောင်းမောင်းသန်လူငယ်လူရွယ်ဟူ၍ မြို့ရွာများတွင် ရှာဖွေရ ခက်ခဲသွားပြီ ဖြစ်ကြောင်း ဆိုပေသည်။

ယခုကဲ့သို့သော အခြေအနေဆိုးများကို ခံစားနေကြရကြောင်းကို ရခိုင်သူ၊ ရခိုင်သားများ နားလည်သဘောပေါက်မှု ရှိကြသဖြင့်သာလျှင်၊ အတိတ်နှင့် ပစ္စုပ္ပန်၏ ဆီနှင့်ရေပမာကွာခြားချက်များကို နားလည်၍နေကြသဖြင့်သာလျှင် အထက်ဖော်ပြပါ နှိုင်းရဆုံးရှုံးခြင်းကို ခံစားနေကြရခြင်း ဖြစ်သည်။
၎င်းကဲ့သို့ ဆုံးရှုံးမှု ခံစားနေရချိန်တွင် ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြကုန်သော ဘင်္ဂလီများ၏ သမိုင်းဆိုင်ရာ ပြောင်းပြန်လှန်ရေးသားထားသော ဇာတ်လမ်းများ ပလူပျံလာခြင်းက ရခိုင်တို့၏ နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးမွနေသည်နှင့် တူပေသည်။ ၄င်းကဲ့သို့ သမိုင်းပြန်လှန်ကွက်များထွက်လာသည်မှာ အတိတ်က လူမျိုးရေးအဓိကရုဏ်းများတွင် ရခိုင်တို့ သတ်ဖြတ်ခံခဲ့ရသော ပုံရိပ်များကို သတိရလာကြသည်။ လူမျိုးရေးအဓိကရုဏ်းတို့၏ သဘောမှာ နှစ်ဦးနှစ်ဘက် နစ်နာကြရသော သဘောရှိပေသည်။

၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်းတွင် ရခိုင်လူမျိုးများသော နေရာတွင် ဘင်္ဂလီများ အသတ်ခံခဲ့ရပြီး၊ ဘင်္ဂလီလူမျိုးများသော နေရာများတွင် ရခိုင်လူမျိုးတို့ အသတ်ခံခဲ့ရသည်။ သို့ရာတွင် လူတို့၏ သဘောမှာ ခံရခြင်းကိုသာ အသိစွဲမှတ်တတ်ခြင်းကား သဘာဝသာ ဖြစ်ပေသည်။
အတိတ်သမိုင်းကြောင်းကို ခြေရာခံကောက်ကြည့်သော် မြောက်ဦးခေတ်၊ ရခိုင်ဘုရင်များကြီးစိုးချိန်တွင် မူစလင်များကို နေရာပေးခဲ့သော အချိန်များရှိခဲ့ပြီး ၄င်းမူစလင်များမှာ ရခိုင်ပြည်နယ်တွင် အခြေတကျနေထိုင်ခဲ့၍ ရခိုင်များက ကမန် ဟု အမည်ပေးခဲ့ပေသည်။ ၄င်းကမန်များမှာ အီစလန်ဘာသာကို ကိုးကွယ်ပြီး၊ ဒေသခံ ရခိုင်များကဲ့သို့ပင် ရခိုင်စကားပြောခြင်း၊ ရခိုင်လို ၀တ်စားဆင်ယင်ခြင်းများရှိသည်။ ဘင်္ဂလီများက ကမန်တို့၏ သမိုင်းကြောင်းကို ပြန်ပေးဆွဲပြီး မူစလင်ချင်းတူသဖြင့် အတူတူရောချခြင်း လုပ်နေသည်ဟု ရခိုင်တို့က ယုံကြည်သည်။ သို့ရာတွင် ကမန်များ ခမျာမှာလည်း မြန်မာနိုင်ငံတော် အစိုးရ၏ မျက်နှာသာပေးခြင်းကို မခံရရှာပဲ နိမ့်ချဆက်ဆံခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းများ ခံစားနေရသည်။

ဘင်္ဂလီတို့သည် အင်္ဂလိပ်ခေတ်တွင် လယ်ယာစိုက်ပျိုးရန် ရခိုင်မြေသို့ လာရောက်ခဲ့ကြပြီး အိမ်မပြန်ပဲ ရခိုင်ပြည်တွင် အခြေချနေထိုင်ခဲ့ကြကြောင်းကို အင်္ဂလိပ်တို့၏ လူဦးရေစစ်တမ်းများကို မှီးငြမ်း၍ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဆိုလေသည်။ သူက ဆက်ဆိုသည်မှာ အင်္ဂလိပ်အုပ်ချုပ်သူများက စစ်တကောင်းသားဘင်္ဂလီများ၏ ရွှေ့ပြောင်းနေထိုင်ခြင်းကို အချိန်မှီ မထိန်းချူပ်နိုင်ခဲ့လျှင် ရခိုင်ပြည်တွင် ရခိုင်များက လူနည်းစုဖြစ်ပြီး ဘင်္ဂလီများက လူဦးရေ အသာစီးရသွားလိမ့်မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်အုပ်စိုးသူများကပင် စိုးရိမ်ခဲ့ကြရကြောင်း အထောက်အထားများဖြင့် ဆိုပြသည်။ နောက်ရခိုင်အမျိုးသားတစ်ဦးဖြစ်သော ဦးခင်မောင်စောမှလည်း အထောက်အထားဖြင့် စာတမ်းများရေးသားကာ ဘင်္ဂလီတို့၏ ကူးပြောင်းလာရောက်မှုကို ထောက်ပြသည်။

သို့ရာတွင် နိုင်ငံတကာတွင် ဘင်္ဂလီများ၏ အရေးတော်ပုံ ပေါ်ပေါက်လာသည်မှာ မြန်မာအစိုးရ၏ လူအခွင့်အရေးဖိနှိပ်မှုများကြောင့် ဖြစ်သည်။ ဘင်္ဂလီများက ရခိုင်တို့သည် မြန်မာများနှင့် ပေါင်းပြီး သူတို့ကို ဖိနှိပ်ပါသည်ဟု ပြောကာ ရခိုင်အမျိုးသားများကို ဘီလူးသဘက်အဖြစ် နိုင်ငံတကာက မြင်အောင် လုပ်ပြကြလေသည်။ ရခိုင်အမျိုးသားများကို ၄င်းကဲ့သို့ နိုင်ငံတကာက မြင်အောင်လုပ်ပြရုံသာမက ရခိုင်အမျိုးသားများ၏ အထူးအထွတ်အမြတ်ထားရာ သမိုင်းကြောင်းကို အပြန်အလှန်ကုလားဖန်ထိုး ကောက်ချက်ဆွဲပြလေရာ ရခိုင်များမှာ နဂိုကပင် ဘီလူးရုပ်အသွင်းခံထားရသဖြင့် အသားနီနေသည်နှင့် အလိုက်သင့်ပင် အနာကို ဆားထည့်ခံကြရလေသည်။ ထိုအခါ ရခိုင်တို့၏ နှလုံးသားများ ဆတ်ဆတ်ခါ နာကျင်ကြရသည်။

ဘင်္ဂလီများ အရေးတကြီးလိုအပ်နေသည်မှာ လူ့အခွင့်အရေးများဖြစ်သည်။ သမိုင်းထဲက ဇာတ်လိုက်ဖြစ်ရန်မဟုတ်ပေ။ လူ့အခွင့်အရေး၏ သဘောမှာ အစိုးရ နှင့် ပြည်သူ၏ကြားက နားလည်မှုတစ်ခုသာ ဖြစ်သည်။ လူ့အခွင့်အရေး ဆုံးရှုံးခြင်းသည် အစိုးရက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို မလိုက်နာ၍သာ ဖြစ်သည်။ လူတစ်ဦးချင်းနှင့် အခြားလူတစ်ဦးချင်းအကြားက နားလည်မှု၊ ခိုက်ရန်ဖြစ်မှုများမှာ ရာဇသတ်ပုဒ်များသာ ဖြစ်သည်။ ရခိုင်များမှာလည်း လူ့အခွင့်အရေးဆုံးရှုံးကြရသည်သာ ဖြစ်သည်။ နိုင်ငံတကာလူ့အခွင့်အရေး စာတမ်းနှင့်တကွ၊ တစ်သီးတစ်ခြားသော လူ့အခွင့်အရေးစာချုပ်များတွင် ပြဌာန်းထားသော အခွင့်အရေးများကို မြန်မာနိုင်ငံသားအားလုံး ဆုံးရှုံးကြလေသည်။ ဘင်္ဂလီများမှာ နိုင်ငံခြားသားများ အဖြစ်သတ်မှတ်ခံရသဖြင့် ပို၍နစ်နာခြင်း ဖြစ်သည်။

ရခိုင်လူမျိုးများမှာကား မိမိအရေးအတွက် အလွန်အမင်း ပူပန်နေကြရပေသည်။ အတိတ်ကာလက ရခိုင်တို့သည် သွေးစည်းညီညွတ်မှု ရှိကောင်း ရှိခဲ့မည် ဖြစ်သော်လည်း ယခုအခါမှာမူ ၀ါးအစည်းပြေသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲနေသည်။ ရခိုင်တို့သည် ဗမာတို့၏ သူရဲကောင်း ကိုးကွယ်သော အလေ့အထကို အလွန်အတုခိုးတတ်ကြကြောင်း ရခိုင်လူငယ်တစ်ချို့က ညည်းညူကြလေသည်။ သူတို့က ပြောသည်မှာ ရခိုင်တို့၏ စိတ်နေစိတ်ထားသည် မဟုတ်မခံစိတ်ရှိပြီး၊ ခေါင်းဆောင်နောက်သို့ မမေးမမြန်းပဲ ကောက်ကောက်ပါအောင်လိုက်တတ်သော သဘောမရှိကြောင်း၊ ရခိုင်များတွင် ခေါင်းဆောင်လုပ်လိုသူများပြီး၊ နောက်လိုက်လုပ်လိုသူနည်းကြောင်းနှင့် ယင်းသဘော၏ အနက်သဘောကို ဆင်ခြင်စဉ်းစားပြီးသကာလ ၄င်းစိတ်နေစိတ်ထားမျိုးနှင့် ကိုက်ညီသော နိုင်ငံရေးအဖွဲ့အစည်းမျိုး၊ လူမှုရေးအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းလုပ်ဆောင်သင့်ကြောင်း ၄င်းလူငယ်များက ဆိုလေသည်။

ထိုကဲ့သို့ စည်းရုံးရေးအတွက် အခက်အခဲ ကြုံနေရစဉ် လူမျိုး၊ ဘာသာရေးပျောက်ကွယ်သွားတော့မည်လား ဟူသော စိုးရိမ်ပူပန်မှုက အစဉ်အမြဲစိုးမိုးနေပေသည်။ ရိုဟင်ဂျာ ဆိုသူများ၏ လှုပ်ရှားမှုများမှာ ရခိုင်တို့၏ နှလုံးသားထဲသို့ စိုးရိမ်မှုများ ဒီဂရီမြင့်အောင် လှုံဆော်ပေးလိုက်သည်နှင့် တူသည်။ နိုင်ငံတကာစာမျက်နှာများတွင် ရိုဟင်ဂျာဟူသည်မှာ သနားစရာ ဒုက္ခသည်များအဖြစ် ပုံပေါ်နေပြီး၊ ရခိုင်တို့၏ နှလုံးသားများတွင်မူ ရိုဟင်ဂျာဟူသည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးအားဖြင့် ၀ါးမျိုလာမည့် လူမျိုးတစ်မျိုး ဖြစ်နေပေသည်။ ၄င်းစိုးရိမ်မှုကို ထောက်ပံ့ပေးနေသည်မှာ စီးပွားရေးအားဖြင့် ရခိုင်ပြည်နယ်၏ ရေလုပ်ငန်း အားလုံးနီးပါးကို ဘင်္ဂလီများက စိုးမိုးထားခြင်း၊ နိုင်ငံရေးအားဖြင့် နိုင်ငံတကာအကူအညီအထောက်အပံ့သည် ဘင်္ဂလီများထံတွင်သာ စုပုံနေခြင်း (ဂီရိမုန်တိုင်းမတိုင်မှီအထိ ရခိုင်ပြည်နယ်တွင် ရှိသော UN နှင့် NGO များသည် ဘင်္ဂလီများကိုသာ အကူအညီပေးခြင်းနှင့်၊ NGO အလုပ်အကိုင်အခွင့်အလမ်များသည်လည်း ဘင်္ဂလီများကိုသာ ဦးစားပေးခြင်း၊ မလေးရှားနိုင်ငံရှိ UNHCR သည် ဘင်္ဂလီများကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး၊ ရခိုင်များကို အသိအမှတ်မပြုခြင်း)၊ ဘာသာရေးအားဖြင့် အီစလန်ဘာသာသည် နိုင်ငံတကာတွင် ဘီလူးရုပ်သွင်းခံနေရသဖြင့်လည်းကောင်း၊ အီစလန်ဆန့်ကျင်ရေးသည် အမေရိကန်နိုင်ငံကဲ့သို့ပင် လီဘရယ်ကျသည်ဟု ကြွေးကြော်သော နိုင်ငံများတွင်ပင် ဝေဖန်ခံနေရခြင်း စသည်များမှာ ပညာတတ်ဖို့အခွင့်အရေးမရရှာသော အောက်ခြေနေရခိုင်လူတန်းစားများနှင့်တကွ၊ အမျိုးသားလုံခြုံရေးကို စိုးရိမ်ပူပန်သော မျိုးချစ်နိုင်ငံရေးသမားများကို အလွန်အမင်း စိုးရိမ်စေပေသည်။


 မောင်စိုင်းစား

http://arakantimes.net/

No comments: