ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Saturday, July 28, 2012

အစမကောင်းသော ရခိုင်ရိုဟင်ဂျာ ပြဿနာ (၄)

မောင်စင်ကြယ်

တစ်

စောမျိုးဆက်ရေ..

ပုဂံပြည်ကြီးမှာမွတ်ဆင်တွေကို မတွေ့နိုင်ကြသေးပေမဲ့ ရခိုင်ပြည်ဖက်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ရခိုင်မင်းဆက်အချို့ဟာ မွတ်ဆလင်ဘာသာထဲဝင်သူဝင်၊ မွတ်ဆလင်အမည်ခံယူသူခံယူတာကိုလဲတွေ့နိုင်ပြီပေါ့ကွယ်။ မြန်မာရာဇ၀င်မှာ အင်းဝနဲ့ ကုန်းဘောင်ခေတ်ကိုရောက်လာတဲ့အခါမှာတော့ အာမေးနီးယန်းနဲ့ မွတ်ဆလင်ဘာသာဝင်အချို့ဟာ ဘုရင့်အမှုတော်ကိုထမ်းပြီးစစ်တပ်နဲ့ အမြောက်တပ်တွေထဲမှာပါဝင်လာကြပါတယ်။




သာဓကတွေကတော့ကွယ်၊ မင်းရဲကျော်စွာငြိုငြင်လို့ အနှစ် ၂၀ လောက် ဘင်္ဂလားထဲမှာခိုလှုံနေရတဲ့ ရခိုင်ဘုရင် နရမိတ်လှ (ခေါ်) မင်းစောမွန် လက်ထက်က ရခိုင်မင်းသမီးကိုဖွဲ့ချီတဲ့ (ရခိုင်မင်းသမီးဧချင်း) ရေးသူ စာဆိုကြီး အဒူမင်းညို ဆိုတာရှိပါတယ်။ ရခိုင်စစ်စစ်လား၊ ဘင်္ဂလားသွေးပါသးသလား ဆန်းစစ်ကြဖို့တော့ ကောင်းတာပေါ့ကွယ်။

နောက်တခုကတော့ကုန်းဘောင်ခေတ်မှာ မင်းတုံးဘုရင်ရဲ့အကိုတော်သူ ပုဂံမင်းလက်ထက် (အင်္ဂလိပ် မြန်မာဒုတိယစစ်ပွဲ) မှာ မွတ်ဆလင်ဘာသာဝင်မောင်ပိုင်ဆတ် (ဘိုင်ဆတ်) နဲ့ မြို့စာရေး မောင်ပိန် (ဦးပိန်တံတား) တို့ဟာ ဘုရင်ကမြှောက်စားထားသဖြင့် မိမိထုတ်ချင်သော အမိန့်တို့ကို ထုတ်ပြန်လေရာ ၀က်သားအပါအ၀င် သားကြီးငါးကြီးများကိုပင် မပေါ်ရ၊ မရောင်းရဖြစ်လာလို့ လူတွေရဲ့ချောင်းမြောင်း လုပ်ကြံခြင်းကိုခံရပါတော့တယ်။ ဒါကမြန်မာဘုရင်တွေခေတ်က မွတ်ဆလင်တွေပါဝင်ခဲ့ပုံပါဘဲ။

စောမျိုးဆက်ရေ..

အခုကိုယ်ဆက်ပြောချင်တာက မြန်မာဘုရင်တွေအဆက်ဆက်မှာ ဘယ်ဘုရင်နဲ့မှမတူတဲ့ မင်းတုန်းဘုရင်အကြောင်းပါ။ မင်းတုန်းဘုရင်ဟာနိုင်ငံခြားသားတွေကိုးကွယ်တဲ့ ဘာသာအ၀၀ကို ချီးမြှင့်တတ်တဲ့ဘုရင်တပါးပါ။ ခရစ်ယာန်ဘာသာဆိုရင် ဗရင်ဂျီဘာသာ (ရိုမင်ကက်သိုလစ်)၊ နှစ်ခြင်းခရစ်ယာန်၊ အင်္ဂလီကန်တို့အားလုံးကိုပဲ ကူညီထောက်ပံ့တဲ့အပြင် မွတ်ဆလင်ဘာသာဝင်တွေ အတွက်ဆို ၀တ်ပြုဆုတောင်းပွဲကိုသွားတဲ့အခါမှာ မြန်မာနိုင်ငံကလာတဲ့မွတ်ဆလင်တွေအတွက် မျက်နှာမငယ်ရလေအောင် မက္ကာမြို့မှာသုဓမ္မာဇရပ်တဆောင်တောင် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ဒါတွေကတော့ တော်ရုံတန်ရုံလူတွေမဆိုထားနဲ့ တော်ရုံတန်ရုံဘုရင်တွေတောင်မလုပ်နိုင်တဲ့အလုပ်တွေပါဘဲ။ မိမိရဲ့အကြီးအမှူး ဘုရင်တွေလုပ်တာတွေကို လူတွေကလဲတော်တော်နဲ့ ပြောလေ့ပြောထမရှိကြပါဘူး။ သိပ်လွန်ကဲလာတဲ့အခါမှာတော့ ရှေ့ခေတ်ကသံလျင်တိုက်ပွဲမှာအပြတ်ရှင်းခဲ့သလို ဒီဖက်ခေတ်တွေမှာလည်း အချို့လူတွေဟာအပြတ်ရှင်းလင်းခြင်း ကို ခံကြရပါတယ်။ ဒါတွေကတော့မြန်မာဘုရင်တွေရဲ့နှောင်းပိုင်းကာလတွေဘဲဖြစ်ကြပါတယ်။


နှစ်


စောမျိုးဆက်ရေ..

ဗြိတိသျှတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက် အုပ်ချုပ်တဲ့အခါ အားလုံးဟာအင်္ဂလန်ကလာတဲ့လူဖြူချည်းမဟုတ်ကြပါဘူး။ အိန္ဒိယကအဆင့်အုပ်ချုပ်လေတော့ ဂျော့အိုဝဲလ် (George Orwell) ရေးတဲ့ ဘားမားဒေး (Burma Days) ကိုမြန်မာနိုင်ငံမှာပုလိပ်လုပ်ရန်၊ ဈေးရောင်းရန်၊ လယ်လုပ်ရန်၊ ငွေတိုးကြေးတိုးထုတ်ပေးရန် အိန္ဒိယနိုင်ငံသားမျိုးစုံရောက်လာခဲ့ကြပါတယ်။ ဒါကြောင့်လွတ်လပ်ရေးအရေးတော်ပုံပေါ်ပေါက်လာတော့ ရာရှစ်ဆိုတဲ့ ကျောင်းသားခေါင်းဆောင်၊ ဦးရာဇတ်ဆိုတဲ့ကျောင်းဆရာ၊ ဂိုရှယ်ဆိုတဲ့အလုပ်သမားနဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေပေါ်လာရပါတယ်။ ဒီအချိန်ကမြန်မာခေါင်းဆောင်တွေဟာလဲ မြန်မာ့လွတ်လပ်ရေးအတွက် တရုတ်ကိုရော၊ အိန္ဒိယကိုပါ အားကိုးအားထားပြုခဲ့ကြတာ အမှန်ပါဘဲကွယ်။ အဲဒီလွတ်လပ်ရေးအရေးတော်ပုံတလျောက်လုံး အထက်ကမွတ်ဆလင်ခေါင်းဆောင်ကြီးများမှာ အမှန်အကန်ပါဝင်ခဲ့ကြပေမယ့် ရိုဟင်ဂျာကတော့ ကြားတောင်မကြားဘူးခဲ့ရပါလား စောမျိုးဆက်။

မြန်မာ့သမိုင်းမှာ ဘယ်တုံးကမှမကြားခဲ့ဖူးတဲ့ ရိုဟင်ဂျာဆိုတာကို ပထမဆုံး စတင်ကြားရတာက ၁၉၆၁ ခုနှစ်၊ ဦးနုရဲ့ ပထစ အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တဲ့အခါနဲ့ ရခိုင်ပြည်၊ မွန်ပြည်နယ်ပေးတဲ့အခါ ကြားရတာပါ။ ဒီတုံးက ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေဟာ လွှတ်တော်အပြင်ပမှာလဲကန့်ကွက်ကြ၊ လွှတ်တော်ထဲမှာလဲကန့်ကွက်ကြရာမှာ အဲဒီရိုဟင်ဂျာတွေကိုတွေ့ရတာပါကွယ်။ ခရစ်ယာန်ကောင်စီ၊ ကချင်အသင်းတော်၊ ချင်းအသင်းတော်တွေအနက်က ဒီတုံးက၀န်ကြီးဦးရာရှစ်ကိုယ်တိုင် ရှိနေသေးတော့ သူ့ရဲ့နေအိမ်မှာမွတ်ဆလင်အသင်းအဖွဲ့ (၉) ဖွဲ့ကလူတွေကို တွေ့ဆုံပြီး ပြောတဲ့အစည်းအဝေးဖြစ်ပါတယ်။

အဲဒီတုံးက လွှတ်တော်ထဲကနေပြီး ရခိုင်ပြည်နယ်ပေးတာလဲမလိုလားဘူး၊ နိုင်ငံတော်ဘာသာလုပ်တာလဲမလိုလားဘူးလို့ ပြောလာတဲ့အမတ်တွေကတော့ 
ဘူးသီးတောင်နဲ့ မောင်းတောနယ်ဖက်က မွတ်ဆလင်ဘာသာဝင်အမတ်တွေဘဲ ဖြစ်ကြပါတယ်။ သူတို့ရဲ့အမည်တွေကတော့ (၁) မစ္စတာ အဘူခိုင် (၂) မစ္စတာ အဘူဘောရှော (၃) မစ္စတာ အက်စ်အာမက်တို့ပါဘဲကွယ်။ ဒီထက်ဆိုးတာကတော့ ရခိုင်မွတ်ဆလင်လူငယ်များအဖွဲ့က အကြံပေး ဥက္ကဌထံတင်သွင်းတဲ့စာမှာ..
“ရခိုင်ပြည်နယ်ပေးခဲ့သော် ဘူးသီးတောင်၊ မောင်းတောမြို့နယ်နှင့် မေယုနယ်ခြားဒေသများကို သီးခြားတိုင်းရင်းသားမွတ်ဆလင်ပြည်နယ်တခု ထူထောင်ပေးပါလို့” တင်ပြခြင်းပဲဖြစ်ပါတယ်ကွယ်။


သုံး


စောမျိုးဆက်ရေ..
မိမိရဲ့လူမျိုး၊ မိမိရဲ့ဘ၀ဘယ်ကလာပြီး ဘယ်လိုခေါ်တယ်ဆိုတာကို အတိအကျမပြောနိုင်၊ မခေါ်နိုင်တဲ့ “အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိတဲ့” လူတွေကပါ ပြည်နယ်ပေးပါဆိုတော့ ရှက်စရာကောင်းလိုက်တာကွယ်။

မသိတော့လည်း ပြောရမှာပေါ့လေ။ လွတ်လပ်ရေးရယူရန် ပင်လုံစာချုပ် ချုပ်ဆိုပြီးတဲ့အခါ ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ၊ ကယား (ကရင်နီ)တွေ၊ သံလွင်ခရိုင်က ကရင်တွေ မြန်မာပြည်ထောင်စုထဲပါဝင်ရန် လိုသလို မစ္စတာရီးစ်ဝီလျံက တောင်တန်းဒေသစုံစမ်းရေးကော်မရှင်တခုဖွဲ့ပြီး စုံစမ်းပါတယ်ကွယ်။ ၀မ်းတော့ဝမ်းနည်းပါတယ်၊ ရိုဟင်ဂျာတွေဟာ လူမျိုးတမျိုးဆိုရင် အဲဒီတုံးက အဲဒီကော်မရှင်မှာဘာကြောင့်များ အစစ်ဆေး မခံကြပါသလဲဗျာ၊ ဒါနဲ့ဘဲတဆက်တည်း ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ ပြင်ဆင်မှုညီလာခံမှာ ဘယ်လိုပြည်ထောင်စုမျိုးတည်ထောင်မယ်၊ လူမျိုးဆိုတာဘယ်လိုသတ်မှတ်တယ် ဆိုတာကို သိကြရင်တော့ကောင်းပါတယ်ကွယ်။

အမောင်တောင်မှန်းမြောက်မှန်းမသိသေးတဲ့လူတွေကိုပြောပြချင်ပါတယ်။ ဖဆပလ ပမာဏပြင်ဆင်မှုညီလာခံမှာ တင်ပြတဲ့အတိုင်းဘဲ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဖွဲ့စည်းမယ့်ပြည်ထောင်စုကို ဗိုလ်ချုပ်အောင်ဆန်းက အခုလို တင်သွင်းခဲ့ပါတယ်။

(၁) ပြည်ထောင်စုပြည်နယ်ဖြစ်ရမယ်။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ရမယ်။
(၃) လူမျိုးစုပြည်နယ်ဖြစ်ရမယ် တဲ့..

စောမျိုးဆက်ရေ..

ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်မှာဆက်လက်ပြီး အောက်ပါအတိုင်းတင်သွင်းခဲ့ပါတယ်ကွယ်။ အေးလေ.. ပြည်နယ်တောင်းချင်တဲ့လူတွေလည်းသိရအောင်တော့ တင်ပြလိုက်ပါတယ်ကွယ်။

(၁) ပထ၀ီအနေအထားအရ နယ်နမိတ်အထင်အရှားရှိခြင်း၊
(၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊
(၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
(၄) ရာဇ၀င်အစဉ်အလာတမျိုးတည်းရှိသောလူစုရှိခြင်း၊
(၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသောလူစုရှိခြင်း၊
(၆) လူဦးရေအတော်အတန်ရှိခြင်း၊
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတခုအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်း၊

ဒါကဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သူမကွယ်လွန်မှီ တိုင်းပြုပြည်ပြုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လူမျိုးတမျိုးအခေါ်ခံထိုက်သူနှင့် ရသင့်ရထိုက်သောအကျိုးအခွင့်တို့ဘဲဖြစ်ကြပါတယ်။

စောမျိုးဆက်ရေ..  ဒါတွေကိုပြောရင်း ပြောရင်းက တိုကျိုမှာဆုံဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုကို သတိရမိပါတယ်။ တိုကျိုကို စာပေခရီးသည်အဖြစ် ကိုယ်ရောက်ပြီးတဲ့နောက်မှာ လူပုဂ္ဂိုလ် အနေနဲ့ကိုယ်မသိတဲ့မွတ်ဆလင်ဘာသာဝင်တဦးဟာ ကိုယ့်ထံကိုစာရေးပါတယ်။ လောလောဆယ်မှာသူ့အနေနဲ့ ဖမ်းဆီးခံရလို့ ထောင်ထဲရောက်နေပါသတဲ့၊ ထောက်ခံစာရေးပေးပါလို့ဆိုပါတယ်။ အေးလေ.. ကိုယ်ကိုယ်တိုင်လဲထောင်ထဲဝင်ဖူးသူဆိုတော့ သိသိမသိသိ စာနာပြီးသူလိုချင်တဲ့ ထောက်ခံစာကိုရေးပြီး ထောင်ထဲလှမ်းပေးပို့ပါတယ်ကွယ်။

အဲ.. များမကြာခင် ထောင်ထဲကနေ သူပြန်လွတ်လာပြီးတဲ့နောက် ကိုယ့်ထံကိုစာပြန်ရေးပြီး စည်းရုံးပါပေတော့တယ်။ တကယ်တော့သူက ရိုဟင်ဂျာ ကိုးကွဲ့၊ သူတို့ရဲ့နစ်နာမှုတွေနဲ့ ပြည်နယ်ရယူချင်တာတွေ များစွာများစွာပဲ သူ့စာထဲမှာပါရှိလာပါတယ်။ ကိုယ်ကပြန်ပြီးရေးတာက “မင်းဟာမွတ်ဆလင်ဘာသာဝင် ရိုဟင်ဂျာတဦးဆိုတော့ ဘာသာရေးလူနည်းစုဝင် တဦးအဖြစ်ကတော့ရနိုင်ပါတယ်။ ပြည်နယ်ရဖို့ကတော့ကွာ. တိဗက်-မြန်မာ၊ မွန်-ခမာ၊ ထိုင်း-တရုတ် ဘယ်လူမျိုးရေးအစုမှာမှ မပါရှိလို့ ရရန်အကြောင်းမရှိပါဘူး၊ မင်းတို့ရဲ့ဆွေစဉ်မျိုးဆက်ဟာ ဘယ်ကလာပါသလဲ၊ ဒီမရောက်ခင်က ဘယ်နေရာမှာနေခဲ့ပါသလဲ၊ အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိတော့ မလုပ်ပါနဲ့ကွာ” လို့ ရေးလိုက်တဲ့နေ့ကစပြီး အလျဉ်း စာပြန်မလာတော့ဘူး စောမျိုးဆက်ရေ။

ခုလဲပဲ ရခိုင်နဲ့ ဘင်္ဂလားဟာ နယ်ခြားတွေထိကပ်နေတယ်။ ရခိုင်ဘုရင် နရမိတ်လှဟာ မင်းရဲကျော်စွာရန်ကိုကြောက်လို့ ဘင်္ဂလားနယ်ထဲဝင်ခိုနေရတော့ သားတော်တွေက မင်းခရီး မဟုတ်တော့ဘဲ အလီခင် တို့ အလီခန်တို့ ဖြစ်လာကြတော့တယ်။ ဟိုတုံးကလည်း ရှုပ်ရှုပ်၊ ခုလဲပဲ ရှုပ်ရှုပ်ကုန်တော့တာပေါ့လေ။ တနည်းအားဖြင့်တော့.. အစမကောင်းခဲ့တဲ့ ရခိုင်နဲ့ရိုဟင်ဂျာ ပြဿနာ ဆိုရင်မမှားပါဘူးကွယ်။ ကဲ.. ကဲ..

ဆက်ရန်




No comments: